<<<ခရီးသွားနေပါသည်>>>
!
မန္တလေး ဂိုဏ်းစတားဇာတ်လမ်းကို ခုလိုတော်တော်ကြာမှ ပြန်ဆက်ရေးမိသောကြောင့် ဇာတ်လမ်းမမှတ်မိ/ မသိရှိပါက စာဖတ်သူများကို အပိုင်း(၁) ကနေ (၅)ထိ ပြန်ဖတ်စေလိုပါတယ်ခင်ဗျာ။ ကျေးဇူးတင်လျက်။
-------------------------------------------
-------------------------------------------
-------------------------------------------
လူငယ်တွေ မသိတဲ့ ညတွေနဲ့ဘဝတွေဟာ ဘယ်အချိန်မှာ မှောင်ရီအစပျိုးလို့ ဘယ်အချိန်မှာ တစ်မိုးသောက်ခဲ့သလဲ။ ထိရှလွယ်တဲ့ အမှောင်ရောင်ကို တွယ်တာကာ ပုဝါပမာ ဖက်တွယ်တော့ ရရှိမဲ့ အမာရွတ်ဆိုတာ ဖျက်ပြစ်ဖို့ခက်ခဲ့။ နက်သထက်နက်နက်လာတဲ့ သန်းခေါင်ယံ ညညတွေက တရေးနိုးမှာ ဟစ်တလာရဲ့ လူသတ်ပညာအကြောင်းတွေကို နုတ်တိုက်ရွက်ဆိုပြကာ အမှောင်ရောင်ကို တောက်သထက် တောက်ပအောင် ဆောင်ကျဉ်းလို့... ဘယ်သူဘုရင်လဲ...ဘယ်သူသခင်လဲ...ဆိုပြီး လောကစင်မြင့်ပေါ်မှာ အော်ကာဟစ်ကြွေးလို့ နေလေရဲ့။

ဒီလိုဆို....အမှောင်ထုရဲ့ သစ္စာတရားအကြောင်းပြောပြဖို့ ထိုပြိုင်ပွဲကို မနက်ဖြန်မိုးမသောက်ခင် အရောက်လာခဲ့မယ်။


********************************************

တစ်နေ့ည ခိုင်ခိုင်တို့နဲ့ လမ်းခွဲပြီးကတည်းက ကျော်ဇင်ကို သဘက်ခါ အိမ်ကိုမနက်အရောက်လာခဲ့ဖို့ မှာခဲ့သည်။ ဘာကြောင့်လာခိုင်းသည်ဆိုတာကိုတော့ တွေ့မှပြောမည်ဟုဆိုကာ ထိုညက လမ်းခွဲခဲ့ကြသည်။ ချိန်းထားသည့်နေ့ မနက်၁၀ နာရီပတ်ဝန်းကျင်လောက်တွင် ကျော်ဇင် သူ့စူပါကတ် ဆိုင်ကယ်လေးစီးကာ ပေါက်ချလာသည်။ ကျော်ဇင်က ထူးကို ကိုတွေ့တွေ့ချင်း ဒီနေ့ သူ့ကိုခေါ်ရတာ ဘာအကြောင်းကိစ္စလဲ ဆိုတဲ့ မေးခွန်းကိုမေးနေတဲ့ မျက်လုံးတွေနဲ့ ကြည့်နေသည်။ ဒါကိုထူးကိုကလည်း သိ၏။

"ကျော်ဇင် မင်းဟိုနေ့က ကျုံးဘေးမှာ ရိုက်ခံရတဲ့ အဒေါ်ကြီးကို မှတ်မိတယ်မလား"

"အင်း မှတ်မိတယ်လေ မင်းကဘာလုပ်မလို့လဲ"

"အေး ငါတို့အဲ့ဒီအဒေါ်ကြီးဆီကို သွားကြည့်ရအောင်"

"ထူးကို ဒီချိန်ဆိုရင် အဲ့ဒီအဒေါ်ကြီးလည်း ဆေးရုံက ဆင်းလောက်ပြီ။ ငါတို့သွားလည်း အပိုပါပဲကွာ"

"မဆင်းသေးလောက်ဘူး။ ဘာဖြစ်လို့လဲ မင်းသိလား။ မင်းပြောပုံအရ အဲ့ဒီညက အဲ့ဒီအဒေါ်ကြီး ရိုက်ခံရပြီး မေ့သွားတယ်ဆိုကတည်းက သူ့ကိုဖြစ်ဖြစ်ချင်းညမှာ မှုခင်းရဲက စစ်ချက်ယူနိုင်မှာမဟုတ်နိုင်လောက်ဘူး။ ရဲတွေကောင်းကောင်း စစ်ချက်ယူနိုင်ရင်တောင် မနေ့ကလောက်မှဖြစ်မယ်။ အဲ့ဒီတော့ သူဆေးရုံက ဆင်းဖြစ်ရင်တောင် ဒီနေ့လောက်မှ ဆင်းဖြစ်ကောင်း ဆင်းဖြစ်မှာမို့ အဲ့ညက ငါမင်းကို ဒီနေ့မနက်လာခဲ့ဖို့ ချိန်းလိုက်တာ"

ဟာ... မင်းအရစ်ပဲဆိုတဲ့ မျက်နှာထားနဲ့ ကျော်ဇင် ဖြစ်သွားပေမယ့် ဘာမှစကားထွက်မလာတော့။ သူမပြောချင်တော့လို့မဟုတ်ခဲ့။ သူပြောလည်း ထူးကိုဆိုတဲ့သူက ပြောထားပြီးတဲ့အတိုင်း လုပ်တော့မှာဆိုတာကိုကျော်ဇင်သိသဖြင့် လေကုန်ခံကာ ပြောမနေတော့ခြင်းဖြစ်သည်။ ကျော်ဇင်ဆိုင်ကယ်ကို ထူးကိုအိမ်မှာ ထားခဲ့ပြီး ထူးကိုမောင်းတဲ့ ကားပေါ်ကျော်ဇင် လိုက်ချလာခဲ့သည်။ လမ်းတွင် ကားရပ်တော့ ဘာလို့ရပ်လိုက်တာလဲ ဆိုပြီး ကျော်ဇင်က အတွန့်တက်ပြန်သည်။ ထူးကိုက လူနာအတွက် တစ်ခုခုဝယ်ရအောင် ဆင်းဆိုပြီး ကျော်ဇင်ကိုပြောကာ လမ်း၃၀ ၇၃လမ်းထောင့်က မင်္ဂလာဈေးတွင် ရောင်းလျက်ရှိသော သစ်သီးတန်းဆီကိုဆင်းသွားခဲ့သည်။ ပန်းသီးတွေ၊ လိမ္မော်သီးတွေ စိတ်ကြိုက်ရွေးဝယ်ကာ မန္တလေးဆေးရုံကြီး ဆီကို မောင်းထွက်လာခဲ့ကြသည်။


ဆေးရုံကြီးရောက်ရောက်ခြင်း တစ်နေ့ညကကျော်ဇင် အဒေါ်ကြီးကို ပို့ခဲ့သော ပြင်ပလူနာဆောင်ကိုအရင်သွားမေးကြသည်။ ထိုမှတစ်ဆင့် အဒေါ်ကြီး တက်နေသော လူနာဆောင်ဆီကို ကူးလာခဲ့ကြသည်။ ကျော်ဇင်က ရှေ့မှဦးဆောင်ပြီး အဒေါ်ကြီးကုတင်ဆီကို သွားခဲ့သည်။ အဒေါ်ကြီးရဲ့ သမီးဖြစ်ဟန်တူသော သူက ကျော်ဇင်ကို မှတ်မိရှာသည်။ အဒေါ်ကြီးကတော့ မေ့နေသဖြင့် ဘာမှသိလိုက်ဟန်မတူ။ သူ့ကိုဆေးရုံပို့ပေးခဲ့တဲ့သူဟာ ကျော်ဇင်ပဲဟု သူ့သမီးကပြောပြမှ ထိုအဒေါ်ကြီးက ကျော်ဇင်ကို ကျေးဇူးတင်ကြောင်းတွေ ပြောနေသည်။ ထူးကိုလည်း ဝယ်လာသော လက်ဆောင်တွေကို သူ့သမီးလက်ထဲ ထည့်ပေးလိုက်သည်။ တလက်စထဲ သူ့တစ်ကျပ်သားဆွဲကြိုးလုခံရကြောင်းတွေ၊ သူ့ဦးခေါင်း လေးချက် ချုပ်လိုက်ရကြောင်းတွေ၊ ရဲတွေလည်း စစ်ချက်ယူသွားကြောင်းတွေနှင့် ခုမနက် ရောင်းလှည့်တဲ့ ဆရာဝန်ကြီးက အိမ်ပြန်ပြီးနားလို့ရပြီဖြစ်လို့ ဆေးရုံက ဆင်းလို့ရပြီ ဖြစ်ကြောင်းတွေ ပြောပြနေသည်။

အစကတည်းက ထူးကိုက အဒေါ်ကြီး ဆင်းရုံဆင်းဖြစ်ပါက လိုက်ပို့လို့ရအောင်ဆိုသော အကြံဖြင့် ကားပါတခါတည်း ယူလာခဲ့ခြင်းဖြစ်သည်။ ခုလိုဆင်းခွင့်ရပြီဆိုတော့ သူတို့ လိုက်ပို့ပေးပါ့မယ်ဆိုပြီး ပြောကာ ထိုအဒေါ်ကြီးအိမ်ကို လိုက်ပို့ကြသည်။ လမ်းတွင်လည်း အဒေါ်ကြီးက ဒီခေတ်လူငယ်တွေ အရမ်းဆိုးကြမှန်းကို သူခုလိုဖြစ်မှ သိရပုံ၊ မနေ့ကလည်း ရန်ဖြစ်လို့ ကောင်းလေးတစ်ယောက် ဓါးဒဏ်ရာနဲ့ သူတို့လူနာဆောင်မှာ ရောက်လာကြောင်းတွေ၊ ထူးကိုတို့လိုလူငယ်တွေများများရှိသင့်ကြောင်းတွေဆိုကာ ကျေးဇူးတွေတင်လျက် စကားတွေပြောလာခဲ့သည်။ တစ်ကယ်တော့ အကျိုးနဲ့အကြောင်းဆိုတာ ဆက်စပ်နေပါတယ် ဆိုတာကိုတော့ ထူးကို ထိုအဒေါ်ကြီးကို မပြောပြဖြစ်ခဲ့။


********************************************

"ကိုကြီး အိမ်အောက်မှာ ဧည့်သည်တွေရောက်နေတယ်" မီးငယ်သည် အိမ်အောက်ထပ်ကဖုန်းနဲ့ ထူးကိုအခန်းဖုန်းဆီကို လှမ်းပြီး ပြောလိုက်ခြင်းဖြစ်သည်။

"အေး မီးငယ် ကိုကြီးခုလာခဲ့မယ်" မီးငယ်ရဲ့ဖုန်းကို ချပြီး ထူးကို ဘယ်သူတွေပါလိမ့်ဆိုပြီးတွေးကာ အိမ်အောက်ထပ်သို့ ဆင်းလာခဲ့လိုက်သည်။

အိမ်အောက်ဧည့်ခန်းထဲတွင် အဖိုး၊ အဖွားတို့နှင့်အတူ ထိုင်နေကြသော လူတစ်ချို့ကို တွေ့လိုက်တာနဲ့ ထူးကို စတင်ကာ နှုတ်ဆက်စကားဆိုလိုက်သည်။

"သြော်...ဥက္ကဌကြီးတို့ပါလား။ အလည်သက်သက်လာရောက်လာကြတာတော့ ဟုတ်လောက်မယ် မထင်ဘူးနော်"

"ဟုတ်ပါ့ မောင်ထူးကိုရာ။ အကြောင်းကတော့ ခုလာမယ့် သီတင်းကျွတ်လပြည့်နေ့မှာ ရပ်ကွက်ရဲ့ သက်ကြီးပူဇော်ပွဲအတွက် ဟော့ဒီက အဖိုးနဲ့အဖွားကို စာရင်းလာကောက်တာရယ် ပြီးတော့ ညဖက် ရပ်ကွက် ဓမ္မာရုံမှာ ခါတိုင်းနှစ်တွေလိုပဲ ဆီမီးတစ်ထောင် ပူဇော်ပွဲလုပ်ဖို့ အလှူလာခံတာပေါ့ကွယ်"

"ဟုတ်ကဲ့ ဥက္ကဌကြီး ကောင်းပါတယ်ခင်ဗျ။ ရပ်ကွက်သာရေးအတွက်လိုအပ်ချက်တွေပဲ... ဥက္ကဌကြီးတို့ လိုအပ်တာကိုသာပြောပါ။ ကျွန်တော်တို့ မိသားစုကလည်း လှူချင်ပါတယ်ခင်ဗျာ"

"အေးကွာ မောင်ထူးကိုတို့ မိသားစုရဲ့ အလှူအတန်းရက်ရောတဲ့ သဒ္ဒါအားကိုတော့ သာဓုမခေါ်ပဲ မနေနိုင်ဘူးဟေ့။ ကျေးဇူးလည်း တင်ပါတယ်"

"မဟုတ်တာ...ဥက္ကဌကြီးကလည်း.....ကျွန်တော်တို့ရပ်ကွက်ရဲ့အစဉ်အလာအတိုင်း နှစ်စဉ်နှစ်တိုင်း စည်စည်ကားကား သိုက်သိုက်ဝန်းဝန်းဖြစ်အောင် ခုလိုတက်တက်ကြွကြွ လုပ်ပေးနေတဲ့ ဥက္ကဌကြီးတို့ အဖွဲ့ကိုပဲ ကျွန်တော်တို့ ရပ်ကွက်သူ၊ ရပ်ကွက်သားတွေက ကျေးဇူးတင်နေရမှာပါ"

"ကဲ...စကားကလည်း ကောင်းတယ်။ ဥက္ကဌကြီးတို့ ကော်ဖီနဲ့မုန့်တွေကိုလည်း သုံးဆောင်ပါဦးခင်ဗျ"

ဥက္ကဌကြီးတို့အဖွဲ့ ကိစ္စတွေပြီးလို့ ပြန်သွားချိန်တွင် ထူးကိုက အဖွားဖြစ်သူဖက်ကိုလှည့်ကာ စကားဆိုလိုက်သည်။

"ဒီနေ့အတွက် စကားတစ်ခွန်း အဖွား စပြောပေးပါဦး" ထူးကိုက နေ့ဓဒူဝ ကိစ္စကို အစဉ်အလာမပျက်အောင် စတင်လိုက်သည်။

"ပြောပါ့မယ် မြေးကြီးရယ်။ ဒီနေ့တော့ အဖွားလည်း မင်းအဖိုးစာအုပ်ထဲက ဖတ်ထားတာကို ပြောရမှာပဲ။
တစ်တောထက် တစ်တော နက်သလိုပဲ တစ်တောင်ထက် တစ်တောင်မြင့်တယ် မြေးကြီးရဲ့
"


"ဟုတ်ကဲ့ပါ အဖွား။ ကျွန်တော် မှတ်ထားပါ့မယ်။ အဖိုးရော ဒီနေ့အတွက် ဘယ်လို စကားမျိုးပြောပေးမှာလဲ"

"အေးကွယ် အဖိုးကတော့ ဒီနေ့ မြေးကြီးလုပ်တဲ့ ကုသိုလ်တွေအတွက် ဝမ်းသာမိတယ်။ အဲ့ဒါနဲ့ တစ်ဆက်ထဲ အဖိုးမြေးကြီးကို ပြောချင်မိတာရှိတယ်။ အဖိုးတို့ ပုထုဇဉ်တွေရဲ့ နေ့တစ်နေ့ရဲ့ စိတ်မှာ ကုသိုလ်နဲ့အကုသိုလ် ဆိုတဲ့ စိတ်နှစ်ခုပဲဖြစ်နေတယ်။ မြေးကြီးကို အဖိုးက ကုသိုလ်စိတ်များများမွေးနိုင်တဲ့သူ ဖြစ်အောင် ကြိုးစားစေချင်တယ်"

"ဟုတ်ကဲ့ အဖိုး။ ကျွန်တော် တတ်နိုင်သလောက် ကြိုးစားကြည့်ပါ့မယ်"

"ငါ့မြေးကြီးအကြောင်းစဉ်းစားလိုက်တိုင်း စိတ်ချမ်းသာရတာချည်းပဲ။ ဟိုအငယ်ကောင်ကိုပဲ စိုးရိမ်နေမိတယ်" အဖွားသည် ဆူးအကြောင်းကို စဉ်းစားမိပြီး စိုးရိမ်စိတ်ကလေးနှင့် ပြောလိုက်သည်ထင်သည်။

"အဖွားရယ် ဆူးက ငယ်သေးလို့ပါ။ ပြီးတော့ ဆူးက ဂျစ်ကန်ကန်သာရှိတာပါ။ အမှားအမှန် ခွဲခြားတတ်ပါတယ်။ တစ်ခုခုဆိုရင်လည်း မပူပါနဲ့ အဖွားရယ် ကျွန်တော် ရှိပါတယ်"

"အဖွားစိတ်ချမ်းချမ်းသာသာတာနေ ဟုတ်ပြီလား။ အဖွားတို့ ညစာ စားဖို့ မီးငယ်ကို ပြင်ခိုင်းလိုက်တော့မယ်နော်။ ဒီည ကျွန်တော်လည်း ညဥ့်နက်ချင်လည်းနက်မယ် အဖွား။ ကျွန်တော် ညစာကိုတော့ အပြင်မှာပဲ စားဖြစ်မယ်။ ညမအိပ်ပဲနဲ့ စောင့်မနေနဲ့နော်"

မီးငယ်ကို ထမင်းပွဲပြင်ဖို့ပြောလိုက်ပြီး ထူးကိုလည်း အပြင်သွားဖို့ပြင်ဆင်လိုက်သည်။ ထူးကိုအတွက် ဒီနေ့ညမှာ လုပ်ရမဲ့ လုပ်စရာတွေရှိနေသည် မဟုတ်လား။ ဘာတွေလည်းဆိုတာကိုတော့ ထူးကို ကိုယ်တိုင်ပဲ သိနေပေလိမ့်မည်။


********************************************

မနေ့ညက ဆူးကို ဆုံနေကြ နေရာတွင် အဖွဲ့သားတွေကို ဆုံရန်ချိန်းခိုင်းလိုက်ပေမယ့် ဆေတန် တစ်ကယ်တန်း ဆူးကိုဆုံရန် မှာဖြစ်ခဲ့သည်မှာ မန္တလေးမြို့ပြင်ဖက်က ခြံတွင်ဖြစ်သည်။ ခုလည်း သူ့ရဲ့ဆိုင်ကယ်နဲ့ မြို့ပြင်ခြံဖက်ကို ထွက်လာခဲ့လိုက်သည်။ ထိုခြံတွင် ဆူးတို့နှင့်အတူ တရုတ်လည်း စောင့်နေလိမ့်မည်။ ဒီညလုပ်မယ့် အစီအစဉ်ကို စိတ်ထဲမှာတွေးရင်း သူကျေနပ်နေမိသည်။ ထိုစိတ်တွေနှင့်အတူ သူ့ရဲ့ဆိုင်ကယ်လေးသည် အဝေးပြေးလမ်းမပေါ်မှ ယာဉ်တွေ အားလုံးကို လျင်မြန်တဲ့ အရှိန်အဟုန်နဲ့ တစ်စီးပြီး တစ်စီး ကျော်တက်နေခဲ့သည်။

ခြံထဲကို လှမ်းဝင်လိုက်တာနဲ့ ဆိုင်ကယ်အုပ်လိုက်ကြီး တန်းစီပြီး ရပ်ထားသည်ကိုတွေ့လိုက်သည်။ ထို့ကြောင့် လူဆုံနေလောက်ပြီဆိုတာကို သူကောက်ချက်ချလိုက်သည်။ ဆေတန်သည် ဆိုင်ကယ်ပေါ်မှ ဆင်းဆင်းချင်း လူစုဖို့ ကျော်ကြီးကို လှမ်းပြောလိုက်သည်။ တဆက်ထဲ ဂိုဒေါင်ထဲက ပစ္စည်းတစ်ချို့ကိုပါ အောင်ကြီးနဲ့ဖိုးဝကို သွားယူခဲ့ဖို့ပြောလိုက်သည်။ အားလုံးစုံသောအခါတွင် အားလုံးကြားအောင် ဆေတန်ပြောလိုက်သည်။

"မင်းတို့ ဒီနေ့ဒီမှာ ဆုံတာ ဘာကြောင့်ဆိုတာ သိပြီးသားဖြစ်မှာပါ။ ဒီတော့ရှည်ရှည်ဝေးဝေး ပြောမနေတော့ဘူး။ ခု ၁၀ယောက် တစ်အုပ်စုစီခွဲမယ်။ မန္တလေးရဲ့ ရှေ့၊ နောက်၊ တောင်၊ မြောက် လေးဖက်ကို တစ်အုပ်စုစီ ကိုယ့်အခြမ်းနဲ့ကိုယ် လှည့်ပြီးရှာမယ်။ မြို့သစ်ရယ်၊ စက်မှုဇုန်ရယ်၊ အမရပူရ ဖက်ကို တစ်အုပ်စုစီရှာမယ်။ ကိုယ်ရှာရမဲ့နေရာကို ကိုယ့်အုပ်စုနဲ့ကိုယ် သေချာရှာပါ။ ကျန်တဲ့ကောင်တွေက ငါနဲ့အတူမြို့ထဲမှာ ရှိမယ်။ တစ်ခုခုအကြောင်းထူးရင် ဖုန်းဆက်ပါ။ ဒီကောင်တွေရဲ့အိမ်တွေကိုလည်း ကြည့်ခိုင်းထားပြီးပြီ။ ဒီနေ့မျိုးမှာ ဒီကောင်တွေ အိမ်တွင်းအောင်းနေနိုင်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် တွေ့တာနဲ့အကြောင်းကြားပါ"

ဂိုဒေါင်ထဲမှ အောင်ကြီးတို့ ယူလာတဲ့ ပစ္စည်းတွေကို ခြံထဲတွင် ပုံခိုင်းလိုက်သည်။

"မင်းတို့ဆီမှာ ဘာလက်နက်မှ မပါသေးရင် ခုပုံထားတဲ့ ထဲကကြိုက်တာ ယူသွားနိုင်တယ်။ ခုကတည်းက ကြိုပြောထားမယ် သွေးကြောင်တဲ့ကောင်၊ မလိုက်ချင်တဲ့ကောင်မှန်သမျှ နေခဲ့လို့ရသလို မင်းတို့စိတ်ကြိုက်နေရာကိုသွားနိုင်တယ်။ အေး...မင်းတို့က သွေးရဲတယ်၊ ဒီညအတွက်လည်း အားလုံးအဆင်သင့်ဖြစ်ရင် ဆူး အုပ်စုခွဲပေးထားတဲ့အတိုင်း သွားလို့ရပြီ"

တစ်ဖွဲ့ပြီး တစ်ဖွဲ့ ဒုတ်တွေ၊ ဓါးတွေ၊ ချိန်းကြိုးတွေ၊ သံလက်သီးတွေ အသီးသီးယူကာ ကိုယ့်အဖွဲ့နဲ့ကိုယ် စိတ်တွေတက်ကြွစွာနဲ့ ထွက်သွားကြသည်။ ဆေတန်တို့လည်း မရှေးမနှောင်းပဲ ကောင်မလေးတွေ ၃ယောက်ရှိရာဆီကို အလျင်အမြန်ထွက်လာခဲ့ကြသည်။ ဆေတန်တို့ နောက်ကျသွားပါက ဒီညအတွက် သူတို့ရဲ့ ကောင်မလေးတွေကို စကားလိုက်ပြောချင်း အလေ့အထ ပျက်သွားမည် မဟုတ်ပါလား။ ထိုကြောင့် ဆေတန်တို့ ခါတိုင်းသုံးယောက်ထဲ အေးအေးလူလူသွားခဲ့သော ထို ၂၉လမ်းပေါ်သို့ ဆိုင်ကယ်အုပ်လိုက်ကြီး ချီတက်လာခဲ့သည်။ ၂၉လမ်းနဲ့ ၈၃လမ်းဆုံသောနေရာတွင် ထုံးဆံအတိုင်းဆိုင်ကယ်တွေရပ်ကာ ကောင်မလေးတွေ အလာကို စောင့်နေလိုက်ကြသည်။

အစဉ်အလာမပျက် ကောင်မလေးတွေကလည်း အချိန်မှန်ထွက်ခဲ့လိုလာခဲ့လေပြီဆိုတာနဲ့ ဆေတန်တို့လည်း ဝတ္တရားကျေကျေလိုက်ပြောကြလေသည်။ တရုတ်ကတက်ကြွစွာ အငယ်မလေးအား အဖြေတောင်းလိုက်လေသည်။

"တို့ကိုအဖြေပေးတော့လေ။ ချစ်တယ်မလား"

"ဟာ ဘာတွေလာပြောနေတာလဲ။ လိုက်မလာနဲ့နော်" အငယ်မလေးကတော့ ထုံးစံမပျက် ပြန်လှန်ကာ ပက်ကာပြောမြဲပင်ဖြစ်နေသည်။

"မနေ့တုန်းက ကျွန်တော် လိုက်မလာနိုင်တာ စိတ်မရှိပါနဲ့နော် မလတ်" ဆူးကအဝင်ညက်ညက်ကလေးနဲ့ပြောလိုက်သည်။

"စိတ်ရှိစရာလည်း မရှိဘူး။ မလာလေကောင်းလေပဲ။ ခုလှည့်ပြန်သွားရင်တောင် ပိုကောင်းသေးတယ်" အလတ်မက အသံခပ်စာစာလေးဖြင့် ပြောချလိုက်သည်။

ဆေတန်က သူတို့ပြောနေတာတွေကိုပဲ နားထောင်နေလိုက်သည်။ အကြီးမကလည်း စကားပြန်မပြောလောက်မယ့်အတူတူလောလောဆယ် ငြိမ်နေလိုက်တာကောင်းနေမည်။ စကားလိုက်ပြောနေကျ သူတစ်ယောက်က စကားတွေ မပြောတော့ဘူးဆိုရင် သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးအခြေအနေတစ်မျိုးဖြစ်ကောင်းဖြစ်သွားနိုင်သည်။ ခုလည်း အကြီးမစိတ်ထဲမှာ ဘာတွေတွေးနေမှာလဲ ဆိုတာသူမခန့်မှန်းတော့ပဲ မိနစ်တော်တော်ကြာအောင် ဆေတန်ဘေးကပဲလိုက်ကာ လမ်းအတူတူလိုက်လျှောက်နေလိုက်သည်။ ဒီလိုနဲ့ စာအုပ်ဆိုင်ကို ရောက်မှန်းမသိ ရောက်လာခဲ့သည်။ ထိုအချိန်ရောက်မှ ဆေတန်က စာအုပ်ဆိုင်ထဲသို့လှမ်းဝင်တော့မည့်ဆဲဆဲ အကြီးမကို စကားတစ်ခွန်း လှမ်းပြောလိုက်သည်။

"အစ်မ အပြန်ကြရင် မလတ်တို့လိုပဲ ပြန်ရန်တွေ့ဖို့ စကားလေးတွေ စဉ်းစားထားပေးပါနော်။ ကျွန်တော် အစ်မနဲ့စကားပြောချင်လို့ပါ"

ဆေတန့်စကားလေးအဆုံးမှာ မျက်စောင်းလှလှလေးတစ်ချက်ထိုးကာ ရှက်ပြုံးလေးလှစ်ခနဲပြုံးလို့ စာအုပ်ဆိုင်ထဲ ပြေးဝင်သွားခဲ့သည်။ မထူးမခြားနားသော တရုတ်ရဲ့ အခြေအနေအပေါ် တရုတ်လည်း ဘာမှမယ်မယ်ရရ ခံစားရပုံကိုမရ။ ကောင်မလေးတွေ စာအုပ်ငှားပြီး အိမ်ကိုပြန်ချိန်မှာတော့ အရင်ကထက်ပိုပြီး ရောရောနှောနှော မရမက အတင်းကို ၃ယောက်သား လိုက်ပြောနေကြတော့သည်။

ကောင်မလေးတွေက ၈၃လမ်းပေါ်မှ ၂၉လမ်းမရောက်ခင် ၂၉လမ်းသို့ရောက်သော ၈၃x၈၄လမ်း၊ ၃၀x၂၉လမ်းကြားရှိ လမ်းသွယ်လေးမှ ဖြတ်ကာ ပြန်ကြသည်။ ဆေတန်တို့၃ယောက်က ပိုလို့တောင်ကြိုက်သွားကြသည်။ ထိုလမ်းသွယ်သည် လူမြင်ကွင်းကို ရှောင်သွားနိုင်သောလမ်းဖြစ်သည့်အပြင် ပိုပြီးမှောင်သော လမ်းသွယ်လေးဖြစ်သည်။ ကောင်မလေးတွေကလည်း ဟန်ဆောင်များ ငြင်းပယ်နေသလားထင်ရအောင်ကို အိနွဲ့အိနွဲ့နိုင်လွန်းနေကြသလို၊ ဆေတန်တို့ ၃ယောက်ကလည်း ကောင်မလေး ၃ယောက်ကို တစ်ယောက်ဆီ လမ်းပိတ်တားကာ ပေးမသွားတော့ပဲ လမ်းချောင်မှာ ပိတ်လို့ အပြီးအပိုင်ကို စကားတွေ အတင်းကာရော ပြောနေကြသည်။ သူတို့တွေရဲ့ကြားမှာ အဆင်ပြေမှုတစ်ခုဆိုတာ ဘယ်အတိုင်းအတာ၊ ဘယ်အချိန်ထိလည်းလို့ မသတ်မှတ်နိုင်ခဲ့ကြတော့ပါ။

ကောင်မလေးတွေ အိမ်ရောက်လောက်ပြီဆိုမှ ဆေတန်တို့ ၃ယောက် ဆိုင်ကယ်လေးတွေကို ဖြေးဖြေးချင်းမောင်းလို့ ကောင်မလေးတွေရဲ့အိမ်ရှေ့ဖြတ်ကာ ကောင်မလေးတွေကို နောက်ဆုံးတစ်ခေါက်လမ်းပေါ်မှဖြတ်ကြည့်ကြသည်။ ဒါသည် သူတို့ ၃ယောက်ပြန်တော့မည့်အခါတိုင်း လုပ်ဖြစ်ကြသော နောက်ဆုံးနှုတ်ဆက်အကြည့်ဖြစ်မည်။ ဒီနေ့လိုအချိန်မျိုးမှာလည်း ဆေတန်က ဆူးမောင်းတဲ့ Harley-Davidson ဆိုင်ကယ်နောက်မှာလိုက်လို့ ဆူးနဲ့ တရုတ်က ဖြေးဖြေးမောင်းကာ အိမ်ရှေ့ကျော်ကျော်လောက်အရောက် ကောင်မလေးအိမ်ရှေ့မှ ပြန်အကွေ့တွင် ရုတ်တရက် ဆေတန်မတားဆီးနိုင်လိုက်သော အပြုအမှုကို ဆူးက လုပ်ချလိုက်သည်။

"လီးးးး ကြည့်တာလား" ဆူးက ဆေတန်တို့ကို ဂျိုကြည့်တွေကြည့်နေကြတဲ့ ကောင်မလေးအိမ်ရှေ့မှာ ရေသန့်ဗူးနဲ့ထိုင်စောင့်လေ့ရှိသည့် လူ၃ယောက်ကို လှမ်းဆဲလိုက်ခြင်းဖြစ်သည်။ နဂိုကတည်းက မကြည်မလင်ဖြစ်နေသော ထို၃ယောက်ထဲမှ အရပ်အနှိမ့်ဆုံးသော လူသည် သူ့နောက်က သူငယ်ချင်းဖြစ်ဟန်တူသောသူက ဆေတန်တို့ရဲ့ အဖွဲ့ အုပ်လိုက်ကြီး အနောက်မှာ ပါလာတာကို မြင်ပြီး သူ့သူငယ်ချင်းကို လှမ်းတားလိုက်ပေမယ့် ဒေါသကြီးနေသော ထိုလူခမြာ လှမ်းတားချိန်မရလိုက်ပဲ ဘေးမှာရှိသော တုတ်ကိုချက်ခြင်းဆွဲကာ ဆေတန်တို့ရှိရာဆီ ပြေးလာပြီး ဇွတ်ဝင်ကာရိုက်တော့သည်။

"ဖြောင်းးးး" "ဖြောင်းးးးး"

ထိုလူသည် ဆူးကို အားကုန်လွဲရိုက်ချလိုက်သည်။ ပထမတစ်ချက်ကို ဆူးက လက်ဖြင့်ကာလိုက်ပြီး ဒုတိယအချက်ကို ရှောင်လိုက်သောကြောင့် ဆိုက်ကယ် ရှေ့ဖက်ကို ရိုက်မိသွားသည်။ ဆေတန်နှင့် ဆူးလည်းဆိုင်ကယ်ပေါ်မှ ချက်ချင်းဆင်းလိုက်သလို၊ တရုတ်နဲ့အတူ ကျန်တဲ့အဖွဲ့ထဲမှ ဖိုးဝတို့ အောင်ကြီးတို့လည်း ဆင်းလိုက်သည်။ ဆူးက ကျော်ကြီးဆီကိုပြေးသွားပြီး ဓါးကို လှမ်းတောင်းလိုက်သည်။

"ကျော်ကြီး... ငါ့ကို ဓါးပစ်ပေးလိုက်စမ်း"

ဆေတန်က ဆူးကိုဓါးမသုံးဖို့ လှမ်းတားနေလိုက်ချိန်တွင် ထိုလူက ဆေတန့်အား နောက်မှ အားကုန်လွဲရိုက်လိုက်သည်။

"ဖြောင်းးး" "ဖြောင်းးးး"

ဆေတန်သည် ပထမတစ်ချက်ကို လက်ဖြင့်ကာလိုက်ပြီး ဒုတိယတစ်ချက်ကို ရှောင်လိုက်သည်။ ထိုအချိန်တွင် ဆိုင်ကယ်ပေါ်မှ ဆင်းလာသော ကျန်တဲ့ အဖွဲ့သားတွေကို မဆင်းလာခဲ့ဖို့ဆေတန် လှမ်းတားလိုက်သည်။ ဆူးက ဒုတ်ဖြင့်ရိုက်သူအား ဓါးဖြင့်ခုတ်ရန် ထိုသူ့ဆီကို ပြေးသွားသည်။ ထိုလူသည် အခြေအနေ မကောင်းမှန်း ရိတ်စားမိပြီး ၂၉လမ်း နှင့် ၈၄လမ်း ဆုံရာ ညဈေးတန်းထဲသို့ အသားကုန် ဝင်ကာ ပြေးလေတော့သည်။ ဆူးလည်း ထိုလူ ပြေးဝင်သွားတဲ့ ညဈေးတန်းထဲကိုနောက်ကနေ ဓါးဆွဲကာ ပြေးဝင်သွားသည်။ တရုတ်က လှမ်းပြီးတားလိုက်သူ ဟိုလူ့သူငယ်ချင်းအား ရင်ဘတ်ကို ဆွဲကိုင်ပြီး လက်ထဲမှ အုတ်နီခဲဖြင့် ခေါင်းကိုထုတော့မယ့်ဆဲဆဲတွင် ဆေတန် တရုတ်လက်ကို အချိန်မှီ ဖြတ်ကာ ဆွဲပြီးတားလိုက်သည်။

"မင်းဘာလုပ်တာလဲ ဆေတန်" တရုတ်က သူ့ကို တားသဖြင့် မကျေမနပ်ဖြစ်သွားသည်။

"မင်းလက်ထဲက အုတ်နီခဲကို အရင်ချလိုက်ပါ" ဆေတန်က အေးအေးဆေးဆေးပြောလိုက်သည်။

"ဒီကောင်တွေ မနေ့က ဘာလုပ်သွားတယ် ဆိုတာ မင်းသိနေတာပဲ" တရုတ်က ဒေါသတွေထွက်နေသည်။ ပတ်ဝန်းကျင်တစ်ခုလုံးလည်း အုတ်အုတ်သောင်းနင်းဖြစ်နေတော့သည်။ ၂၉လမ်းပေါ်မှ လူတွေရော၊ ဈေးလာဝယ်သူတွေပါ ထွက်ကြည့်နေကြသည်။ ကောင်မလေးတို့ အိမ်ရှေ့တည့်တည့်ကြီးတွင် ဖြစ်သွားသဖြင့် ကောင်မလေးတွေလည်း လုံးဝမထင်ထားသလို အံ့သြစွာဖြင့် သူ့မိဘတွေနဲ့ အတူကြည့်နေကြသည်။ ဆေတန် ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်ပြီး မြန်မြန်ကိစ္စဖြတ်ရန်အတွက် တရုတ်လက်ထဲမှ ဟိုလူ့သူငယ်ချင်းကို ဆွဲယူလိုက်သည်။ ထိုသူကို တရုတ်တော်တော်စော်ထားပြီးပြီ ထင်၏။ မျက်နှာတွေ ရဲထွက်နေသည်။ ကြောက်လည်းကြောက်နေသည်။ ထို့အတူ ဘယ်သူမှ သတိမထားမိဘူး ထင်နေရှာသော သူတို့အဖွဲ့ထဲမှ နောက်ဆုံးကျန်နေသောသူသည် သစ်ပင်ကလေးအောက်တွင် သူနှင့်မဆိုင်သလို ဒူးပဆစ်လေးတုတ်ကာ ကုတ်ကုတ်လေး ထိုင်နေသည်။ ဆေတန်သည် ထိုလူ့ကိုပါ လှမ်းခေါ်လိုက်သည်။

"လာ..လာ အစ်ကို အစ်ကိုလည်း သူတို့နဲ့တစ်ဖွဲ့ထဲဆိုတာ ကျွန်တော်သိတယ်"

ထိုလူရောက်လာတော့ ဆေတန့်လက်ထဲမှ လူကိုလည်း မကြောက်ဖို့ ပြောလိုက်သည်။

"အစ်ကို မကြောက်နဲ့ ကျွန်တော် အစ်ကို့ကို ဘာမှ မလုပ်ဘူး။ ကျွန်တော် မေးတာကို ပဲဖြေပါ။ ခုနက ကျွန်တော်တို့ကို ရိုက်တဲ့လူ ဘယ်မှာနေလဲ"

"မသိ...မသိပါဘူး။ ကျွန်တော်တို့....ကျွန်တော်တို့ဆီကိုပဲ သူ....သူလာတာပါ။ တစ်ကယ်ကို....မသိပါဘူး"

"မလိမ်နဲ့နော် အစ်ကို။ ကျွန်တော့်ကို လိမ်တယ်ဆိုရင် ပိုဆိုးမယ်"

"တစ်ကယ်ကို မသိတာပါ"

"ဟုတ်ပြီ အစ်ကို မသိရင်လည်း နေပါ။ လိမ်တယ်ဆိုတာ ပေါ်ခဲ့ရင်တော့ ကျွန်တော့်ကို အဆိုးမဆိုပါနဲ့"

ဆေတန်သည် ပတ်ဝန်းကျင်မှာ ဒီထက်ပိုပြီး မရှုပ်ထွေးလာခင် ဒီနေရာမှ ထွက်သွားဖို့ ပြင်လိုက်သည်။ ဆူးလည်း ညဈေးတန်းထဲမှ ပြန်ရောက်လာခဲ့သည်။ သူ ဟိုလူ့ကို မမိလိုက်ဘူးဆိုတာသေချာနေသည်။ ရန်ပွဲပြီးမှ ညဈေးတန်းထဲကို ပြေးသွားသောသူသည် ခြေဗလာနဲ့ ပြေးသွားခဲ့ရကြောင်း သူ့ဖိနပ်ကို တွေ့လိုက်မှ သိလိုက်ရသည်။ ဖိုးဝက ထိုလူ့ဖိနပ်ကို တစ်စစီ ဓါးဖြင့် ခုတ်ပြစ်လိုက်သည်။ ထို့နောက် ထိုလူရဲ့ စက်ဘီးကိုပါ ကျော်ကြီးတို့က ဓါးတွေ၊ ဒုတ်တွေနဲ့ ဝိုင်းရိုက်ပြီး ခုတ်ကြမယ်လုပ်တော့ ဆေတန်က ထိုလူ့ သူငယ်ချင်းတွေကို ပြန်ပေးလိုက်ဖို့နဲ့ ဓါးနဲ့ မခုတ်ရန် တားလိုက်သည်။

ပြီးနောက် ဆေတန်သည် ကောင်မလေးတွေဖက်ကိုလှည့်ကာ တစ်ချက်ပြုံးပြလိုက်ပြီး ဒီကထွက်ခွာဖို့ အားလုံးကြားအောင် ပြောလိုက်သည်။ ထိုညက ထွက်ပြေးသွားသူကိုပါ သူတို့ ထိုနေရာတစ်လျှောက် လိုက်ရှာကြလေသည်။ မနေ့တုန်းက ဖြစ်ခဲ့တဲ့ အဖွဲ့လည်း အိမ်တွင်းအောင်းနေကြသည် ဆိုတာပဲ ကြားရသည်။ ဒီညတော့ ကံဆိုးသူ ဟိုလူသည် ယုန်ထောင် ကြောင်မိဖြစ်ခဲ့ရခြင်းပင်ဖြစ်သည်။

မန္တလေးညသည် အရင်လို အေးချမ်းစွာဖြင့် ဟိုတစ်ချက် ဒီတစ်ချက် ဗျောက်အိုးသံတွေ မီးရှုးမီးပန်းသံတွေနဲ့အတူ သီတင်းကျွတ်ပွဲတော်ကြီးဆီကို တစ်ဖြေးဖြေးချင်းနင်း ဝင်ရောက်လာခဲ့လေပြီ။

ဆက်ရန်

ရှေးစာဆို
သီချင်းလည်းလုပ်ပြီးရော သားကြီးဆိုတဲ့သူက သူyoutubeမှာ သူငယ်ချင်းတွေ အမှတ်တရဖြစ်အောင် ဓာတ်ပုံလေးတွေနဲ့လုပ်ချင်တယ်ဆိုပြီး ပြောလာသာနဲ့ လုပ်ပါဆိုပြီး ခွင့်ပြုဖြစ်တယ်။ ကျွန်တော့်ကိုလည်း ဓာတ်ပုံတောင်းတယ်။ ကျွန်တော်လည်း အသံကြား သနား၊ မျက်နှာမြင်ချစ်ခင်ပါစေ ဆုတောင်းကို တစ်ကယ်မမြင်ရ၊ မကြားရရင်ဖြင့် ဆုတောင်းပြည့်ကောင်းပြည့်နိုင်သေးတယ်ဆိုတဲ့ မျှော်လင့်ချက်ကလေးနဲ့ သူ့ကို ကျွန်တော့်ပုံကိုတော့ မထည့်ပါနဲ့ဗျာ ဆိုပြီး မနဲပြောယူလိုက်ရတယ်။

သီချင်းတာ လုပ်ဖြစ်တယ် ကျွန်တော်တို့(ရွှေအိမ်စည်၊ကိုချက်စူ) က အပြင်မှာတစ်ခါမှ ဆုံဖူးတာမဟုတ်ခဲ့ပါဘူး။ အွန်လိုင်းပေါ်ကပဲ လုပ်ဖြစ်သွားတာပါ။ အဲ့ဒီတော့ သားကြီးက ရွှေအိမ်စည်ကိုလည်း ဓာတ်ပုံသွားတောင်းရှာပါတယ်။ ဟိုကလည်း မပေးလိုက်ပါဘူး။

ဆိုတော့ကာ ဒီထဲမှာပါတဲ့ သူတွေကတော့ အနယ်နယ်အရပ်ရပ်မှာ မှီတင်းနေထိုင်ကြတဲ့ စူပါမော်ဒယ်ဘွိုင်းတွေ၊ စူပါမော်ဒယ်ဂယ်းတွေပဲ ဖြစ်ပါတယ်။




ရှေးစာဆို

ခရေရနံ့

Saturday, September 12, 2009 | 0 Comments

မိုးစက်ပက်ဖျန်း
အနမ်းလေပြည်
နေခြည်နုထွေး
ခရေလေးတွေ ပွင့်ဝေတယ်...။

မိုးစက်ရိုက်ခတ်
မုန်တိုင်းဖြတ်မွှေ
နေအပူကြမ်း
ခရေပန်းတွေ လွင့်ကြွေတယ်...။

ခူးလို့ပဲချွေ
ကြွေလို့ပဲနွမ်း
လမ်းမှာဖြန့်ခင်း
ရက်စက်ခြင်းဖြင့်
နင်းလို့ချေမှုန်း
ဘဝဆုံးစေ
ခရေလေးတွေ မွှေးနေမယ်...။ ။

မင်းအိမ်စံ
[ရုပ်ရှင်မဂ္ဂဇင်း (အချစ်ကဗျာကဏ္ဍ)၊ အမှတ်<၈>၊ နိုဝင်္ဘာလ၊ ၁၉၉၆]
ညခင်းတစ်ခုမှာပေါ့ စူမား ကျွန်တော်တို့ အဆောင်ကို ရောက်လာတယ်။ ဇာတ်ရည်လည်အောင် အစကနေ နောက်ကြောင်းပြန်ရရင်ဖြင့်တော့....

ကျွန်တော် ဘလော့စရေးမယ့်နေ့မှာ ကျွန်တော်ဘလော့ထဲမှာ ပြောခဲ့ဖူးသလိုပဲ ကျွန်တော်တို့ LRVမှာ သွားကဲကြတယ်။ သွားကြသာတော့ ကျွန်တော့်တို့ အောက်ထပ် ယောင်္ကျားလေးအဆောင်က အားလုံးနီးနီးပါပဲ။ ဒါပေမယ့် ၂မိနစ်စာသာသာလောက်သာ ဝေးတဲ့ ညကပွဲရုံကို အားလုံးအတူတူ မသွားကြပါဘူး။ ကိုယ့်အစီအစဉ်နဲ့ကိုယ် သွားကြသာပါ။ တစ်ကယ်တော့ သိပ်မထူးပါဘူး ဘယ်လိုသွားသွား အပေါက်ဝရောက်လို့ ဝင်ဖို့စောင့်နေတဲ့ ကျောင်းသား/သူ တန်းရှည်ကြီး မှာတန်းစီးလိုက်ချိန်ဆို အားလုံးအတူတူနီးပါး ဖြစ်သွားကြသာကြည့်ပါပဲ။

အဲ့ညက ကျွန်တော်ရယ်၊ ပြင်သစ်သားတွေဖြစ်တဲ့ ရိုမန်ရယ်၊ ဂျွန်ရယ် ၃ယောက် အဆောင်က အတူတူထွက်လာဖြစ်ခဲ့ကြတယ်။ အတိုချုံးပြောရရင် ဂျွန်က အဲ့ညမှာ ပြင်သစ်သူလေး တစ်ယောက်နဲ့ စွန်သွားတယ်။ မောင်ရိုမန်နဲ့ ကျွန်တော်တို့ကတော့ ထုံးစံအတိုင်း မစွန်ရှာခဲ့ပါဘူး။

နောက်တစ်ပတ်ရောက်လာပြန်တော့ ကျောင်းသားတွေအများဆုံး အပန်းဖြေတဲ့ တက္ကသိုလ်ထဲက ဘားတစ်ခုကို သွားဖို့ ရိုမန်ခေါ်ပြန်တယ်။ ကျွန်တော်က မလိုက်တော့ဘူးဆိုပြီး အဆောင်မှာ ကျန်နေရစ်ခဲ့တယ်။ အဲ့ဒီမှာ ရိုမန် ကြူထိုးရင်း စူမားနဲ့စတွေ့သာပဲ။

တစ်ရက်ပြီးတစ်ရက် ရက်တွေကုန်လွန်လာသာနဲ့အမျှ စူမားဆိုတာ ရိုမန်အတွက် ရုပ်လုံးပေါ်လာခဲ့သလို ကျွန်တော်တို့နဲ့လည်း နီးစပ်လာခဲ့တယ်ပေါ့။

ညခင်းတစ်ခုမှာပေါ့ စူမား ကျွန်တော်တို့ အဆောင်ကို ရောက်လာတယ်။ ကျွန်တော်ကလည်း အခန်းပြင်အထွက် စူမားကလည်း ကျွန်တော့်မျက်စောင်းထိုးခန်းမှာ နေတဲ့ ရိုမန်ဆီအလာ လူသွားလမ်းကလေးမှာ ဆုံကြတယ်။ တွေ့တော့လည်း ရောက်တတ်ရာရာ စကားတွေပြောဖြစ်ကြတုန်း ရိုမန်အခန်းထဲမှာ ဂီတာကြီး တကိုင်ကိုင်လုပ်နေတဲ့ ဂျွန်ကိုတွေ့သာနဲ့ ဂျွန်ကို တီးပါလားလို့ ပြောလိုက်တယ်။ တစ်ကယ်တော့ ဂျွန်က ခုမှ ဂီတာကို စူမားဆီက စသင်တုန်းလေ။ ဒါနဲ့ စူမားကိုပဲ တီးဖို့တောင်းဆိုလိုက်ပြီး တစ်ဆက်ထဲ အပျော်တမ်း ဗီဒီယိုလေး ကျွန်တော်ရိုက်ဖြစ်ခဲ့တယ်။

အောက်ပါ သီချင်းက စူမားရဲ့ ပထမဆုံး ကိုယ်ပိုင်သံစဉ် သီချင်းလေးဖြစ်ပါတယ်။ အမြဲတမ်းလိုလိုကို သန့်ရှင်းနေတဲ့ ရိုမန့် အခန်းလေးရဲ့ ခုလိုရှုတ်ပွနေတဲ့ကြားမှာ စူမားကသီဆိုခဲ့ပြီး ဂျွန်ကဘေးမှာ ထိုင်နေရင်း အားပေးနေခဲ့သာပါ။ အမှတ်တရတွေထဲက အမှတ်တရ တစ်ခုပါပဲဗျာ။ ခုတော့ အားလုံးဟာ သူ့တို့နိုင်ငံတွေမှာ ကိုယ်စီကိုယ်စီ အသားကျစွာ စီးဆင်းလို့နေလေရဲ့ ကျွန်တော်က လွဲရင်ပေါ့လေ။




ရှေးစာဆို
သေတ္တာဟောင်းတစ်လုံးထဲက ပိုစ့်ထဲတွင် မောင်ကနောင်(၄၂)နဲ့ပက်သက်ပြီး ရေးခဲ့ဖူးသည်။ မောင်ကနောင်(၄၂)က လူတော်၊ လူပျော်တစ်ယောက်ဟုဆိုရမည်။ ဘယ်အကွေ့မှာ ဘယ်တတ်နဲ့လှော်ရမည်ကို သူကောင်းကောင်းသိသည်။ သူ့ပုံရိပ်အချို့ကို ပြန်စဉ်းစားကြည့်တော့ တစ်ချို့ကို မှတ်မိသေးသည်။

လွန်ခဲ့သော နှစ်၂၀ကျော်လောက်ကဖြစ်မည်။ ရွာအလှူတစ်ခုတွင် မောင်ကနောင်(၄၂)တို့ အုပ်စု ပန်းပွင့်တံဆိပ်ရိုက် ကျွတ်ကျွတ်အိပ်တွေရဲ့ ဖင်ပိုင်းကို ဖြတ်ပြီး သူတို့ခန္ဓာကိုယ်မှာ စွတ်ကာ အင်္ကျီအဖြစ်ဝတ်ပြီး ထူးထူးဆန်းဆန်း မိန်းမပုံစံတွေ ခြယ်သကာ ကားပေါ်တွင် သင်္ကြန်ယိမ်းကကြသည်။ တော်တော်ကြည့်ကောင်းပြီး၊ ပျော်စရာ တွေဖြစ်ခဲ့ကြသည်။

ဂျီတီအိုင် ကျောင်းသားဘဝကာလ လူရည်ချွန်ပွဲဆိုရင်လည်း လူရည်ချွန်မို့လို့ တနည်းတဖုံ အစွမ်းပြခဲ့သည်။ သပိတ်မှောက်ပွဲတွင်လည်း ကျောင်းသားတွေနဲ့ အတူတူ အစာငတ်ခံ ဆန္ဒပြခဲ့သည်။

သူသီချင်းဆိုပြီး မိန်းမပိုးတော့ အဲ့ညက "လမင်းလေးကတိုးတိုးလေးပြောသွားတယ်။ မင်းချစ်သူမင်းကို မုန်းပြီတဲ့" ဆိုတဲ့ သီချင်းလေးကို ဆိုသာမှတ်မိသေးသည်။

မင်္ဂလာဆောင်ဖို့စီစဉ်တော့ ကနဦး သူတို့ နှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းပုံစံလေး ဇာတ်လမ်းတို ဗီဒီယိုလေး ရိုက်ဖြစ်သေးသည်။ သူ့ဇနီးလောင်းက မင်းသမီး၊ သူက မင်းသား ပေါ့။ နောက်ဆုံးမှာ မင်္ဂလာဆောင်ပြီး ဇာတ်သိမ်းဆိုတဲ့ ပုံစံလေး ရိုက်ကြသည်။

ကျွန်တော်လည်း သူတို့ကို ခဲဖိုးနင့်နင့်ပိုးပိုး တောင်းနိုင်အောင် သူတို့ရဲ့ မင်္ဂလာဦးအခန်းလေးကို မောင်ပိုင်စီးပြီး ခဲဖိုးကို စောင့်တောင်းခဲ့ဖူးသည်။

အလုပ်ခရီးတွေ အတူတူသွားရင်း ကားထဲမှာ နှစ်ယောက်သား သူတစ်ခွန်း ကိုယ်တစ်ခွန်း စကားတွေများခဲ့ဖူးသည်။ နှစ်ယောက်အတူတူ လမ်းဘေးတွင် ကြုံသလို အိပ်ဖြစ်ခဲ့ဖူးကြသလို ကြုံသလို စားဖြစ်ခဲ့ဖူးကြသည်။ တစ်ခါတစ်လေ အရေးကြီးရင် ကြီးသလို ရရာကားတွေနဲ့ ခရီးတွေထွက်ခဲ့ဖူးကြသည်။ ထိုင်စရာ နေရာလေး တစ်နေရာစာ မရှိလို့ ကုန်တင်ထားတဲ့ ဟိုင်းလတ်ကားတွေ၊ ကုန်ကားတွေရဲ့ ခေါင်မိုးတွေပေါ်မှာ ၂ယောက်သား ချည်ထားတဲ့ မိုးကာကြိုးတွေ၊ တစ်ခါတစ်လေ သံပန်းတံကားတွေကို ကျစ်ကျစ်ပါအောင် ဆုပ်လို့ ကုပ်ကပ်ပြီး မိုင်ရာချီတဲ့ ခရီးတွေကို မိုးရွာရွာ နေပူပူမရှောင် အမိုးအကာမပါပဲ ဖြစ်သလို လိုက်ခဲ့ကြဖူးသည်။ ၂ယောက်သား ဆိုင်ကယ်တွေနဲ့ တောလမ်း၊ တောင်လမ်းတွေ အဆင်ပြေသလို ဖြတ်ခဲ့ကြဖူးသည်။

တစ်ခုမှတ်မိသေးသည်။ သူက ဆိုင်ကယ်စီးရင် ရင်ဘတ်ကို သရေပြား သို့မဟုတ် သတင်းစာ ခံပြီးစီးလေ့ရှိသည်။ သူရဲ့အကြောင်းပြချက်က အဆုပ်ကိုကာကွယ်ခြင်းသာဟု ပင်ဆိုသည်။

ပေါက်တက်ကရ လုပ်ခဲ့တာတွေကတော့ နိုင်ငံခြား လူဝင်မူကြီးကြပ်ရေးရုံးတွေတွင် မှတ်ပုံတင်ဖို့ နာမည်တွေပြောတိုင်း ဘဒ္ဒန္တဝိစာရ တို့ အဂ္ဂမဟာပဋ္ဋိတတို့ စသည့်လို နာမည်တွေကြည့်ပဲ လျှောက်ပြောပြီး လုပ်ခဲ့ကြတာကြည့်ပင်။

မှတ်မှတ်ရရ အလွဲလေးတစ်ခုကတော့ တရုတ်ပြည် ရွှေလီထဲတွင် ၂ယောက်သား နေ့လည်စာ စားအပြီး ငွေရှင်းတော့ ၁၇ကျပ်နဲ့ ၇၀ကျပ်မှားပြီးပေးခဲ့ကြဖူးသည်။

နောက်ဆုံး ကျွန်တော် ပြည်ပကိုသွားဖို့ထွက်ခွာတော့ မန္တလေးလေဆိပ်ကို သူကိုယ်တိုင်လိုက်ပို့ရှာသည်။ ထိုနေ့သည် ၉ ရက်နေ့ဖြစ်သည်။ သိုပေမယ့် ဒီနေ့သည် ၁၀ရက်မြောက်နေ့ဖြစ်နေခဲ့ရပါသည်။ လွန်မြောက်ခြင်း အစကို အရာတစ်ခုခုနဲ့ ကျွန်တော် အဆုံးသတ်ချင်မိပါသည်။ ထိုသည်ကာ အခြားမဟုတ်ပါ။ သူ့ရဲ့ နောက်ဆုံးတစ်ခုသာ ကျန်တော့သော ကဗျာလေးတစ်ပုဒ်ပင်ဖြစ်ပါသည်။

ကျွန်တော်တို့ရဲ့ အနာဂတ်ဟာ ကျွန်တော်တို့ရဲ့ အတိတ်ထဲမှာပဲ ရှိခဲ့သည်ဟုဆိုပါလျှင်...

စိန်ပန်းပြာရဲ့မျှော်လင့်ချက်

ကမ္ဘာကြီးဟာလေ
နေ့ပြီးရင် ည
ညပြီးရင် နေ့
တစ်ရက်ရောက်လာခဲ့တယ်...။

ရာသီဥတုဟာလဲ
နွေပြီးရင် မိုးဆောင်း
မိုးဆောင်းပြီးရင် နွေ
တစ်နှစ်လည်ခဲ့တယ်...။

စိန်ပန်းပြာတွေလဲ
ဝေပြီးရင် ကြွေ
ကြွေပြီးရင် ဝေ
ဖူးပွင့်ခဲ့ကြတယ်...။

တို့တစ်တွေလဲ
ချစ်ပြီးရင် မုန်း
မုန်းပြီးရင် ချစ်
အချစ်...ချစ်တွေပဲဆို
ဘယ်လောက်ကောင်းမလဲနော်...။ ။

မောင်ကနောင်(၄၂)
["စိန်ပန်းပြာရဲ့မျှော်လင့်ချက်" ကဗျာစာအုပ်မှ]
ရှေးစာဆို
"အဲ့ဒါသူ့ရည်းစားလေ။ နင်မသိဘူးလား"

ခပ်သွက်သွက်ကြားလိုက်ရတဲ့ စုမွန်ရဲ့ စကားသံအဆုံးမှာ "ဖုတ်" ခနဲနေအောင် ရင်ဘတ်ထဲ ဟာတက်သွားသည်။

"ဟာ......တဘက်ခါ စာမေးပွဲ။ နင်တို့ သူများအတင်းပဲ ပြောမနေကြနဲ့။ စာလုပ်မယ်။ စာဆက်လုပ်မယ်။"

ခပ်မြန်မြန် ဣနြေ္ဒ ဆယ်ကာ အားလုံးရှေ့မှာ ဘာမှမဆိုင်သလိုသရုပ်ဆောင်လို့ စာကိုပဲ မဲကာလုပ်နေလိုက်သည်။

*************************************

သူတို့တွေ ပြောနေကြပြီ...အောင်။ နင့်နဲ့စကားပြောနေတဲ့ကောင်မလေးက နင့်ရည်းစားတဲ့။
ဟုတ်လို့လား အောင်ရယ်လို့ နင့်ကို ငါ ထပ်ခါထပ်ခါ မေးချင်လိုက်တာဟာ။

အောင်...။ နင်ခုတော့ အချစ်ဆိုတာကို သိသွားပြီပေါ့နော်။
ငါ...ငါ ဝမ်းသာပါတယ် အောင်ရယ်။


"ဝေ...အချစ်ဆိုတာ လူပြောများတဲ့ ပုံပြင်ပါဟာ။
နင်တို့ပြောနေကျတဲ့ အချစ်ကို နင်တို့လည်းသေသေချာချာ သိမှာ မဟုတ်ဘူး...ဟုတ်တယ်မလား ဝေ။
နင်တို့ အဲ့ဒီ မသိတာကြီးကို ခံစားကြတယ်။ နင်တို့ အဲ့ဒီနားမလည်တာကြီးနဲ့ ဖီလင်တွေ တက်ကြတယ်။
နောက်တော့ ဘာဖြစ်ကြလဲ။ အသဲတွေ ကွဲကြမယ်။ ငိုကြ၊ယိုကြမယ်။
အဲ့ဒီ စကားလုံးကြီးကို နင်တို့စတင်ပြီး ကျွမ်းဝင်မိလိုက်တာနဲ့ နားလည်ဖို့ ကြိုးစားလိုက်တာနဲ့ ပြန်ရတာတွေက မတန်ပါဘူးကွာ။
"


"အချစ်အကြောင်း ငါမသိဘူး ဝေ။
ဒါပေမယ့် ငါ့နှလုံးသား ကောင်းကောင်း ကျန်းမာနေကြောင်းကိုတော့ ငါသိပါသေးတယ်
"


နင်ပြောဖူးတဲ့ စကားတွေ ပြန်ကြားယောင်မိနေတယ် အောင်။ ခုနေ ငါမေးလိုက်ချင်ပါတယ် အောင်ရယ် နင့်နှလုံးသားလေး ကျန်းမာနေရဲ့လားလို့လေ။

*************************************

"ဝေ ဖြေနိုင်ရဲ့လား"
"အေး အပုဒ်စေ့ ဖြည့်ခဲ့တယ်။ နင်ရော"
"အင်း အောင်မယ်ထင်သာပဲ"


"အောင်မှာပါ အောင်ရယ်။ ပူမနေနဲ့။ နောက်ဆုံးနှစ် စာမေးပွဲပြီးသာပဲ ပျော်ပျော်နေစမ်းပါဟာ။ နင့်မျက်နှာကြီးကလည်း ဘာဖြစ်နေတာလဲ"
"ခရေ့အိမ်က ကျောင်းပြီးသာနဲ့ အိမ်ထောင်ချပေးတော့မယ်တဲ့။ အဲ့ဒါ ခရေက ငါ့ကိုခိုးခိုင်းတယ်ဟာ"


"ဝေါ....ဝေါ......ဝေါ....." လမ်းမပေါ်မှ ကားများ တစ်စီးပြီး တစ်စီး ဖြတ်ဖြတ်သွားနေသည်။

"ငါ့မှာသူ့ကို ယူဖို့ အဆင်သင့်မဖြစ်သေးဘူး။ အဲ့ဒါကြောင့် ငါအဲ့ကိစ္စကို သဘောမတူလိုက်ဘူးဟာ။"
"အဲ့ဒီတော့"


"စစချင်းတော့ သူငါ့ကို သတ္တိမရှိဘူး။ သူ့ကို တစ်ကယ်မချစ်ဘူး ဆိုပြီးတော့ စိတ်တိုတိုနဲ့ စွပ်စွဲသေးတာပေါ့ဟာ။ နောက်တော့ သူလည်းနားလည်သွားပါတယ်"
"ချစ်ကြသူတိုင်း မညားကြဘူးဆိုတာ ဟိုးရှေးခေတ် ချစ်ပုံပြင်တွေထဲမှာ ကတည်းက ရှိခဲ့ကြပြီးသာပါ...အောင်ရယ်။ နင်ဘယ်လို ခံစားနေရမယ်ဆိုတာ ငါနားလည်ပါတယ်"


"ဝေ"
"ပြောလေ အောင်"


"ငါခုတော့ သိသွားပြီ"
"အင်း...ဘာကိုလဲ"


"သြော်...အချစ်တစ်ခုကို ထာဝရ လက်တွဲသွားဖို့ဆိုတာ နှလုံးသားတစ်ခုထဲ ကျန်းမာနေယုံနဲ့တင် မလုံလောက်ဘူးဆိုတာကိုလေ"

ရှေးစာဆို
နေရှိရာ မျက်နှာလှည့်
မာနမဲ့စွာ ရှင်သန်
ရောင်စဉ်ဖြာ အလင်း
မျှော်လင့်ခြင်း ပန်းတိုင်
ချစ်သူပဲ ပိုင်ပါတယ်...။

မြေကမ္ဘာကို ကျောခိုင်း
အလင်းလှိုင်းတွေ ဗလာ
နေဆိုတာ ပျက်သုဉ်း
ဆုံးရှုံးခြင်း မှတ်တိုင်
ချစ်သူပဲ ပိုင်ပါတယ်...။ ။

မင်းအိမ်စံ
[ဗီဒီယို ရုပ်ရှင်ဂျာနယ်၊ အတွဲ ၃၊ အမှတ် ၁၅၊ မေလ၊ ၂၀၀၀]
["စိန်ပန်းပြာရဲ့မျှော်လင့်ချက်" ကဗျာစာအုပ်မှ]

(၉-၇-၅-၃-၁)

Monday, September 07, 2009 | 6 Comments

နင့်အကြောင်းမစဉ်းစားဘူး~~~နင့်အကြောင်းတွေထပ်မစဉ်းစားဘူး~~~~နင့်အကြောင်းးးးတွေကို ဘယ်တော့မှ ထပ်မစဉ်းစားတော့ဘူးးးးးး

ထိုစကားလုံးတွေနဲ့ နင့်အကြောင်းတွေ အလိုလို ပြန်စဉ်းစားမိတိုင်း ကိုယ့်ကိုကိုယ် ဦးနှောက်မှာ အတန်တန်ပြန်သတိပေးနေရဆဲပဲလေ။ သိပ်ကိုစွဲလန်းမိတတ်လွန်းတာကိုက ငါ့ရဲ့အားနည်းချက်လို့ နင်မခနဲ့လိုက်ပါနဲ့။ နင်မနဲ့ခင်ကတည်းက ပြိုနေပြီးသားပါ။

နင့်အတွက်နဲ့ တစ်ကြိမ်တစ်ခါတော့ ငါငိုဖူးတယ်။ ရူးတယ်လို့မဆိုပါနဲ့။ ပိုတယ်လို့လည်း မထင်မှတ်စေချင်သူရယ်ပါ။

နင်သိလား~~ ငါ့မှတ်ဥာဏ်ထဲမှာ နင့်နာမည်က စူးစူးနစ်နစ်ကို ခုထိ မူးရစ်နေတုန်းဆိုတာ။
ဟုတ်တာပေါ့။ ဟုတ်တာပဲပေါ့။ နင်ဘယ်သိလိမ့်မှာတုန်း။
ငါနဲ့ငါ့ဘဝကိုပါ နင်က သိပ်မုန်းဖူးသူပဲလေ။

အပြုံးကို အပြုံးနဲ့ ဖလှယ်နိုင်ပေမယ့်
အမုန်းကို အမုန်းနဲ့ ငါအပေးအယူ မတည့်နိုင်သေးတာတွေကိုတော့ ဝန်ခံချင်သေးတယ်။

မှတ်မိသေးတယ်။ ၃၁ ဒီဇင်ဘာညမှာ ငါ့မျက်လုံးတွေ စူးဝါးသွားခဲ့ရတဲ့ပုံရိပ်တစ်ချို့။
ဟင်းဟင်း~~နင်ကတော့ မျက်ဝန်းမှာ အပြုံးတွေ မို့နေလိုက်တာ ချိုလို့။

အဲ့ညက နင့်ဘေးကအရိပ်လေးကြောင့် တစ်ချက်တစ်ချက် ပန်းနုရောင် သန်းသွားတဲ့ ပါးကလေးကိုတောင်
ငါဆိုတဲ့သူက ခုထိ မီးရူးမီးပန်းတွေကြောင့်ပါလို့ ဦးနှောက်မှာ ဖာထေးထားတုန်း။

နေကောင်းလားလို့ တစ်ချက် နင်မမေးဘူး။
သိပ်ဝမ်းနည်းတာပဲလို့ ငါတစ်ချက် မလှစ်ပြဘူး။

ဟန်ဆောင်ကာ ကွယ်ဝှက်လို့ ဒီပုံရိပ်တစ်ကွက်နဲ့တင် လုံလောက်ခဲ့ပါပြီ။

အဲ့ဒီတဒင်္ဂမှာ ငါဘာဖြစ်သွားလဲ။

ကောင်းကင်မှာ ရောင်စုံပန်းချီကားတစ်ချပ် ပျံဝဲသွားတယ်။ ပတ်ဝန်းကျင်တစ်ခုလုံး ကျွတ်ကျွတ်ညံသွားတယ်။

"Happy New Year" တဲ့။

................
........
....
..
.
ငါလည်း... ဘယ်သောအခါမှ ပြန်လင်းမလာတော့မယ့် နှလုံးသားမီးအိမ်တစ်လုံးကို ကျစ်ကျစ်ပါအောင်ကိုင်ဆွဲပြီး ပါးစပ်က တတွတ်တွတ်ရွတ်ကာ အိမ်ပြန်ခဲ့တယ်။

နင့်အကြောင်းမစဉ်းစားဘူး~~~နင့်အကြောင်းတွေထပ်မစဉ်းစားဘူး~~~~နင့်အကြောင်းးးးတွေကို ဘယ်တော့မှ ထပ်မစဉ်းစားတော့ဘူးးးးးး

ရှေးစာဆို

ထပ်ဆင့်အရှုံး

Saturday, September 05, 2009 | 0 Comments

အတ္တတွေ
မာနတွေနဲ့အတူ
ရင်ထဲက ခံစားချက်ကို
လုံခြုံအောင် သိမ်းထားရင်း
နောက်ဆုံး
အချစ်ဆိုတဲ့ အရာကို
အရှုံးပေးလိုက်ရတော့တယ်

ဒါပေမယ့်ကွယ်
အတ္တကြီးတဲ့
ကိုယ့်ရဲ့...နူးညံ့တဲ့ချစ်ခြင်းတွေကို
ချစ်သူက ဥပေက္ခာပြုရက်ခဲ့တယ်

မာနကြီးတဲ့
ကိုယ့်ရဲ့...အဖြူရောင်ချစ်ခြင်းတွေကို
ချစ်သူက နားမလည်ချင်ယောင်ဆောင်ခဲ့တယ်

ဘယ်မှာလဲ...?
နယူတန်ရဲ့ နိယာမတွေ...
သိက္ခာဆိုတဲ့ အရှက်တရားတွေ
ပျောက်ဆုံးသွားတဲ့အထိ
အရှုံးပေးခဲ့တာတောင်
ကိုယ်...ပြန်ရခဲ့တာတွေက
ထပ်ဆင့်အရှုံးတဲ့...။ ။


နွေ
[စိန်ပန်းပြာရဲ့မျှော်လင့်ချက် ကဗျာစာအုပ်မှ]

Made in UK

Wednesday, September 02, 2009 | 3 Comments

Made in UK ဆိုတဲ့ ခေါင်းစဉ်နဲ့ အကြောင်းအရာကို အစချီပြီးပြောရရင် (၂၅.၀၈.၂၀၀၉) ညသန်းခေါင်းယံက အစပြုတယ်လို့ ဆိုရမယ်။ အဲ့ဒီနေ့ကပေါ့ ကိုဘလိတ်ဆိုတဲ့ လူဗျာ ဂျီတော့ကနေ ရုတ်တရက်ကြီး စာလှမ်းရိုက်တယ်။

"ဟေ့လူ... ခင်ဗျား စိတ်ကြိုက် သီချင်းတစ်ပုဒ်လောက် အသံသွင်းပြီး ဆိုပေးစမ်းပါဗျာ" တဲ့ ဒါနဲ့ကျွန်တော်လည်း ဘာလုပ်ဖို့တုန်းဆိုပြီး မေးတော့ သူတို့ အမှတ်တရ သီချင်းခွေလုပ်မလို့ ဆိုလား ဘာလားပဲ ပြောတယ်။ ကျွန်တော်လည်း ပြန်ပြောလိုက်တယ်။ "ဆိုမယ့်ဆိုတော့ဗျာ ကိုယ့်ဘာသာကိုယ် ရေးပြီး ကိုယ့်သီချင်းကိုယ်ဆိုမှာပေါ့"ဆိုပြီး ပြောချလိုက်တယ်။ တစ်ကယ်တမ်း ဂီတကို ဘာမှ နားလည်တာမဟုတ်ဘူး။ ဝါသနာပိုးလေးက မချိုးသေးတော့ ပြောမိလိုက်တာမျိုးလောက်ရယ်သာ။

ဒါကို သူကလည်း မြှောက်ပေးသာလား၊ အားပေးသာလား မသိဘူး။"အေး...ချဗျာ"တဲ့။ ကျန်တဲ့ အသံပိုင်းဆိုင်ရာကိတ်စ္စ သူတို့တာဝန်ယူတယ်ဆိုပြီး ပြောလာသာနဲ့အားတွေတက်လာပြီး ချမယ်ဗျာဆိုပြီး (၂၆.၀၈.၂၀၀၉) မနက်သန်းခေါင်ကျော်စကြီးပဲ ရှိသေးတယ် အဲ့ချိန်မှာ သီချင်း စရေးတော့တာပဲ။ အရင်ကလည်း ရေးဖို့ ဟိုတို့ ဒီတို့ထားတာကလေးတွေကို ဘေးထားပြီး သီချင်းအသစ်စရေးတော့သာပဲ။သိပ်မကြာဘူး အဲ့ဒီမနက်မှာပဲ ပြီးသွားတယ်။

ညနေရောက်တော့ အမျိုးသမီးအဆိုရှင် ဘယ်သူ့ကို ဆိုခိုင်းရင် ကောင်းမလဲ စဉ်းစားရင်း အရင်ကတည်းကလည်း သီချင်းတွေဘာတွေဆိုတာ ကြားဖူးပြီးသားဖြစ်တဲ့ အင်္ဂလန်က ရွှေအိမ်စည် ဆိုတဲ့ကောင်မလေးတစ်ယောက်ကို ဆိုမလားဆိုပြီး မေးလိုက်တယ်။ သူကလည်း ဆိုမယ်တဲ့။ ဒါနဲ့ အိုကေ သွားတယ်ပေါ့။

အဲ့ကောင်မလေးကို သီချင်းတိုက်ဖို့ဆိုပြီး အွန်လိုင်းမှာ ချိန်းတယ်။ မရွှေချောက အဲ့ဒီ (၂၆.၀၈.၂၀၀၉) ကတည်းက ပျောက်သွားလိုက်တာ (၂၉.၀၈.၂၀၀၉) မှ ပြန်ပေါ်လာတယ်။ ကျွန်တော်ကလည်း စာတွေက ပြီးသေးတာမဟုတ်တော့ ဒီသီချင်းလေးတစ်ပုဒ်ကို အချိန်အများကြီး မပေးနိုင်ပြန်။ အဲ့ဒီတော့ သူ့ကိုလောရတယ်။ အဲ့ဒီ နေ့မှာပဲ သူ့ကို ဆိုရမယ့် သီချင်းစာသားတွေ၊ ဘယ်လိုဆိုရမယ်ဆိုတာတွေ ပြောတာပေါ့။ ဘယ်တော့ အသံသွင်းမလဲဆိုပြီးမေးတော့.... ကောင်မလေးက အိမ်ကလူကြီးတွေ လစ်မှ ဆိုလို့ရမှာဆိုပြီးပြောလာတော့ .... လန်ဒန်မှာ ရှိုးရှိတဲ့နေ့ (၃၁.၀၈.၂၀၀၉) မှာ အသံသွင်းဖို့ ထပ်ချိန်းလိုက်ပြန်တယ်။

အဲ့ဒီ (၃၁.၀၈.၂၀၀၉)လည်းရောက်ရော လိုအပ်တဲ့ အသံဖိုင်တွေ သူ့ကွန်ပြူတာကို သွင်းလိုက်၊ သီချင်းစာသားတွေ ပြောခိုင်းလိုက်နဲ့ လူကြီးတွေ ပြန်လာလို့ မသွင်းလိုက်ရပြန်ဘူး။

(၀၁.၀၉.၂၀၀၉) ညမှာတော့ လောလော လောလောနဲ့အသံတွေကို သွင်းချခိုင်းရတယ်။ ပြီးတော့ ကျွန်တော်လည်း အသံသွင်းပေါ့။ သူက သူ့အိမ်မှာသွင်းတာ အဆင်ပြေပေမယ့် ကျွန်တော်ကတော့ ကျွန်တော့်နေရာမှာ သွင်းတာအဆင်မပြေပြန်ဘူး။ မပြေလည်း မတတ်နိုင်တော့ဘူးဆိုပြီး အတတ်နိုင်ဆုံး အဆင်ပြေအောင် သွင်းချလိုက်တယ်။ အသံသွင်းဖို့ မိုက်ကလိုဖုန်းကလည်း ကောင်းကောင်းမရှိ။ နယူးယောက်က သူငယ်ချင်းတွေ သီချင်းလုပ်ဖို့ အသုံးပြုတဲ့ အသံသွင်း မိုက်ကလိုဖုန်းတစ်လုံးက ဒေါ်လာ ၁၅၀၀ ပေးရတယ်တဲ့။ ကိုယ်သွင်းတဲ့ မိုက်ကလိုဖုန်းက ၁၅ပေါင်တောင် မပေးရတဲ့ ဟာမျိုး။

ဒီနေရာမှာ အသံဖိုင်တွေကို တည်းဖြတ်ပေးတာ ကိုချက်စူဆိုတဲ့ လူပေါ့ဗျာ။ ဒီလူလည်း အလုပ်တွေတစ်ဖက်၊ အလှူပွဲတွေ တစ်ဖက်နဲ့ ကြားကကို လုပ်ပေးရှာတယ်။ သူလည်း ကျွမ်းကျင်လို့ ဆိုတာထက် ဝါသနာပါလို့ လုပ်ပေးရှာတာမျိုး။ ခုဆို ကျွန်တော့်ဆီမှာ (၀၂.၀၉.၂၀၀၉) ကူးလို့နေပြီပေါ့ဗျာ။ ကျွန်တော်တို့လုပ်ထားတဲ့ သီချင်း တည်းဖြတ်တာ မပြီးသေးဘူး။ မပြီးဆိုဗျာ ကျွန်တော်တို့ဖက်မှာ သွင်းတာတွေက အသံတွေက ထင်သလိုအဆင်မပြေဘူးဗျ။ ဖြစ်သလိုပဲ သွင်းထားရတာ။ အဲ့ဒါကို သူ့ခဗျာ အဆင်ပြေအောင် တစ်ကုတ်ကုတ်နဲ့ကို လုပ်ပေးရှာတယ်။ ရေးနေရင်းပဲ ပြီးသွားပြီ တည်းဖြတ်တာ။

ကျွန်တော့်ရဲ့ ပထမဆုံး ဒီသီချင်းလေးမှာ လိုအပ်တာတွေ အများကြီးရှိပါတယ်။ ဘယ်နေရာတွေ လိုအပ်တယ်ဆိုတာလည်း တစ်ချို့ကိုသိပေမယ့်လည်း ထပ်ပြီးအချိန်မပေးနိုင်တာကြောင့် လောလောဆယ် ဒီsample လေးကို မိတ်ဆွေတို့ဆီကို လွှတ်လိုက်ပါတယ်။ တစ်ဆက်ထဲ မိတ်ဆွေတို့ ထဲမှာ ကျွန်တော်လို ဂီတဝါသနာပါပြီး လုပ်သူ၊ သိ၊ တက်သူများရှိရင် သိုက်သိုက်ဝန်းဝန်း ပျော်ပျော်ပါးပါး လက်တွဲလုပ်ချင်ပါတယ်ခင်ဗျာ။ မိတ်ဆွေတို့ရဲ့ ပွင့်လင်းတဲ့ ဝေဖန် အကြံပြုချက်များကို ဝမ်းသာစွာနဲ့ ကြိုဆိုလျက်ပါခင်ဗျာ။

ဟိုးတုန်းကချစ်သူ
တေးရေး - ရှေးစာဆို
တေးဆို - ရှေးစာဆိုရွှေအိမ်စည်



HoeToneKaChitThu-$hey$ar$o(ft-$hwe3ain$i).mp3 - $hey$ar$o

(ကျွန်တော့်ကို ရေးဖြစ်၊ဆိုဖြစ်အောင် စပြီးပြောခဲ့သော ကိုဘလိတ်၊ အိမ်ကလူကြီးတွေ အလစ်မှာ မဖြစ်မနေ အသံကိုရအောင်သွင်းပေးခဲ့သော ရွှေအိမ်စည်၊ စီးပွားရေးတစ်ဖက်နဲ့အချိန်လုပြီး တည်းဖြတ်ပေးတဲ့ ကိုချက်စူနှင့်တစ်ကွ လာရောက်နားဆင်သူ မိတ်ဆွေများကို ဒီနေရာကနေ ကျေးဇူးတင်ပါတယ်ခင်ဗျာ။)

ရှေးစာဆို

ဝေးကြပြီ

Monday, June 29, 2009 | 0 Comments

ပြုသင့်သည်ကို မပြု၊ မပြုသင့်သည်ကို ပြုမည့်သည့်အတွက် အချိန်လွန်မှ ပူပန်ခြင်း နောင်တဆိုတဲ့ ခက်ဆစ်ကို စာမေးပွဲမှာ မှန်အောင် ဖြေနိုင်ခဲ့ရင် (၁)မှတ်ရမည်။ ကိုယ့်ကိုကိုယ်ကလွဲပြီး ထိုစည်းမျှဉ်းဥပဒေသတစ်ခုလို မည်သူကမှ အမှတ်ကြည့်ပေးမနေတော့တဲ့ လက်တွေ့ဘဝမှာတော့ ပုံသေနည်းမဲ့စွာ ဖြတ်သန်းနေရသည်။ အထက်တန်း ကျောင်းသားဘဝတွင် ပုဂ္ဂလိက ဆရာတစ်ယောက်ဖြစ်သူ မကြာခဏပြောဖူးသော စကားတစ်ခွန်းကို ပြန်အမှတ်ရမိသည်။

[အရေးကြီးတာနဲ့ အရေးမကြီးတာ ရောနေတဲ့အချိန်မှာ အရေးမကြီးတာကို အရေးကြီးတယ်ထင်ပြီး အရေးတကြီးမလုပ်မိဖို့ အရေးကြီးပါတယ်]

နေ့စဉ်ရှင်သန်လှုပ်ရှားနေရသော အချိန်တွေထဲတွင် မည်သို့သောအရာတွေက တစ်ကယ်လုပ်သင့်သော အရာတွေဖြစ်ပါသလဲ။ လူတိုင်းမှာ လုပ်သင့်၊ လုပ်ဆောင်ရမည်ဖြစ်သောအရာများစွာ ရှိကြပါပေလိမ့်မည်။ ထိုနည်းလည်းကောင်းပင် ကျွန်ုပ်တွင်လည်း လုပ်သင့်လုပ်ထိုက်သော အရာအချို့ရှိပါသည်။

ပြီးခဲ့သော အပတ်က ခရီးသွားဖြစ်ပြန်သည်။ <၂၇.၀၆.၂၀၀၉> ညမှာ အိပ်ရာဝင်တော့ ညသန်းခေါင်ချိန်တွင်ဖြစ်သည်။ တော်ရုံနဲ့ အိပ်မပျော်နိုင်သေးခင် ဘေးမှာ အိပ်နေသော တစ်ခြား ခရီးသွားတစ်ယောက်ဆီက ဟောက်သံတွေ အဆက်မပြတ်ထွက်လာခဲ့သည်။ ပြောရမည်ဆိုလျှင် <၂၈.၀၆.၀၉> မနက် (၁)ချက်ထိုးလောက်ဆီသို့ အချိန်တွေက ကူးလာခဲ့ပြီ။ အိပ်လို့မပျော်ဖြစ်တုန်း ကိုယ့်အကြောင်းကို ကိုယ်ပြန်စဉ်းစားမိသည်။

ထိုသို့စဉ်းစားရာတွင် မိမိကိုယ်ကို ဘာတွေလုပ်ဖြစ်ခဲ့သလဲ၊ ဘာတွေလုပ်နေသလဲ၊ ဘာတွေလုပ်မလဲ ဆိုတဲ့ မေးခွန်းတွေ ပြန်ပြီးမေးကြည့်လိုက်ခြင်းပင်ဖြစ်သည်။ အဖြေတွေရဲ့ နောက်ဆုံးမှာ ဆုံးဖြတ်ချက်တစ်ခုကို ပိုင်နိုင်စွာ ချပြစ်လိုက်သည်။

ဘလောက်ကို လာလည်သူ၊ မျက်စိလည် လမ်းမှားလာသူ၊ စာလာဖတ်သူများနဲ့ မန္တလေး ဂိုဏ်းစတား ဇာတ်လမ်းတွဲကို စောင့်မျှော်အားပေးနေသူများအားလုံးကို ကျေးဇူးတင်ပါတယ်။ ဇာတ်လမ်းတွဲရဲ့ ကျောရိုးကို ချပြီးသားပါ။ ရေးဖို့ရန်ပဲ လိုပါတော့တယ်။ ဒါပေမယ့် အချိန်နဲ့စိတ်တွေကို တော်တော် နေရာယူတာမို့ ဘလောက်ကို ခဏရပ်ထားပါ့မယ်။

စာတွေဖက်ကို ပိုပြီး အာရုံစိုက်ဖို့ လိုအပ်လာလို့ပါ။ စာတွေဖက်ကို ပြီးပြတ်အောင် လုပ်ခဲ့ပြီးရင် ပြန်လာခဲ့ပါ့မယ်။ အဲ့ဒီပြန်လာမဲ့အချိန်ဆိုရင် အားလုံးနီးပါးလောက် မေ့ချင်မေ့ကာ နေလောက်မဲ့ အချိန်မျိုး ဖြစ်ချင်ဖြစ်နေမှာပါ။ ဇာတ်လမ်းတွဲကိုတော့ ပြီးအောင် ရေးမှာပါ။ ကိုယ်စရေးတဲ့ဇာတ်ကို ကိုယ်ကပဲ အဆုံးသတ်ပြီးအောင် ရေးသွားမှာပါ။ ရုပ်ရှင်တွေလိုပါပဲ အပိုင်း(၆)ကနေစပြီး လာမဲ့ဇာတ်လမ်းတွဲအချို့က အသက် (၁၈)နှစ်အထက် အသက်ပြည့်မှ ဖတ်ရန်သင့်တော်မှာပါ။(<၁၈>နှစ်ပြည့်မှ ဆိုလို့ တစ်မျိုးမတွေးရန်)

စာရေးသူ စိတ်ကူးမပြောင်းခဲ့ဘူးဆိုရင် ဇာတ်လမ်းလည်းမပြောင်းနိုင်ပါဘူး။ အခြေအနေအရ ဇာတ်ပြောင်းရေးရမယ်ဆိုရင်တော့ ကလေးဖတ်လည်းရပါတယ်။ ဘယ်ကလေးကမှလည်း ဒီဘလောက်ကို ရောက်လာနိုင်လောက်မှာ မဟုတ်ပါဘူးလို့ ထင်ပါတယ်။

ကျွန်တော် ခဏလမ်းခွဲမယ့် ဒီဘလောက်ရဲ့ နောက်ဆုံးပိုစ့်ကို ကျွန်တော်ကြိုက်သော မင်းအိမ်စံ ရေးခဲ့ဖူးတဲ့ ကဗျာတစ်ပုဒ်နဲ့ ချွေးသိပ်ခဲ့ပါရစေ။



ဝေးကြပြီ

ကြွေပြီးသစ်ရွက်
ပြန်ဆက်လို့ ရကောင်းလား...
လှပတဲ့ အိပ်မက်
ပြန်အိပ်စက်လို့ ရကောင်းလား...။

အတိတ်ဆိုတာ
အရိပ်ပမာ ရှိပေမယ့်
မေ့ပစ်နိုင်သူ အတွက်တော့
ပြက္ခဒိန်ဟောင်း တစ်ခုလောက်
အသုံးမဝင်တော့ပါဘူး...။

အဆောင်အယောင်တွေကြား
အသိုင်းအဝိုင်းရဲ့ကြား
မာနတွေကြားမှာ
အချစ်ရဲ့ချိုမြိန်ခြင်းများ
အေးစက်ခါးသီးသွားပြန်တယ်...။

နှလုံးသားရဲ့နက်ရှိုင်းခြင်း
အချိန်ရဲ့ပြောင်းလဲခြင်း
ဆုံးရှုံးမှုအတွက် အစားထိုးခြင်း
ကုစားခြင်း အတတ်ပညာ
ဘယ်သူများ စွမ်းနိုင်မှာလဲ...။

ခုတော့...
ဆုံးစည်းခြင်းဆိုတာ...
ကြွေပြီးသစ်ရွက်...
လှပတဲ့အိပ်မက်...
ရေစက်ရှိသလောက်ပါပဲလေ...။ ။


မင်းအိမ်စံ
[အနုပညာ ကြေးမုံ မဂ္ဂဇင်း၊ အမှတ် ၂၇၅၊ ဇူလိုင်လ၊ ၁၉၉၉]
[စိန်ပန်းပြာရဲ့မျှော်လင့်ချက် ကဗျာစာအုပ်မှ]
ရှေးစာဆို

ညတစ်ညပေါ့
တစ်ခြမ်းထဲသာတဲ့
လမင်းရယ်...

မှိတ်တုတ်မှိတ်တုတ်
လင်းနေတဲ့
ကြယ်လေးတွေရယ်...

ကိုယ့်ကိုချော့သိပ်
နေလေရဲ့
ဒါပေမဲ့
ကိုယ်မပျော်ပါဘူး...အချစ်ရယ်...
ကိုယ်မပျော်ပါဘူး...။ ။


မောင်ကနောင်(၄၂)
["စိန်ပန်းပြာရဲ့မျှော်လင့်ချက်" ကဗျာစာအုပ်မှ]
ညနေတောင် ကောင်းကောင်းမစောင်းချင်သေး တရုတ်က ရှိုးစမိုးတွေထုတ်ကာ ပြောင်လက်နေတဲ့ သူရဲ့လက်စွဲတော်ဆိုင်ကယ်ကြီးကိုစီးလို့ တက်ကြွစွာနဲ့ အိမ်ကို ရောက်လာခဲ့သည်။ ဆူးကလည်း သူ့ဆိုင်ကယ်ကို သလို့ အဆင်သင့်ဖြစ်နေပေပြီ။ ပထမဆုံးအကြိမ် ကောင်မလေး သုံးယောက်ဆီကို သွားမဲ့အခါဆိုတော့လည်း ဒီလောက်တော့ ရှိပေမှဖြစ်မည်။ စုံစမ်းထားတဲ့အတိုင်းဆို ကောင်မလေးတွေက ညဖက်တိုင်းလိုလို စာအုပ်အငှားဆိုင်သို့ သွားကာ စာအုပ်သွားငှားလေ့ရှိသည်။ သွားတဲ့အခါတိုင်းလည်း အိမ်မှ စာအုပ်ဆိုင်သို့ လမ်းလျှောက်သွားလေ့ရှိသည်။ ထိုအချိန်က ဆေတန်တို့အတွက် ကောင်မလေးတွေအနားကိုကပ်ဖို့ အကောင်းဆုံးအချိန်ဟု ယေဘုယျ သတ်မှတ်ထားလိုက်သည်။ ဒါကြောင့်လည်း ဒီညမှာ ကောင်မလေးတွေနား စပြီးချည်းကပ်ဖို့ ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

ညနေ ၆နာရီကျော်ကျော်လောက်မှာ တရုတ်က သူ့ဆိုင်ကယ်ကို သူစီးလို့၊ ဆေတန်က ဆူးမောင်းတဲ့ ဆူးရဲ့ဆိုင်ကယ်နောက်မှာလိုက်လို့ ကောင်မလေးသုံးယောက် နေထိုင်သော ၂၉လမ်း ဆီသို့ ချီတက်လာခဲ့ကြသည်။ ကောင်မလေးတွေက ညဖက် ၇နာရီလောက်ဆို စာအုပ်ထွက်ငှားတတ်သောကြောင့် အချိန်နဲနဲစောကာ ထွက်လာလိုက်သည်။ သီတင်းကျွတ်နီးလာလို့ ဗျောက်အိုး ဖောက်သံတစ်ချို့ ရံဖန်ရံခါ ကြိုကြားကြိုကြား ကြားနေရသည်။

ကောင်မလေးတွေ အိမ်ရှေ့ရောက်တော့ ဆိုင်ကယ်ကို လိမ့်ရုံလေးသာ မောင်းလို့ အိမ်အတွင်းပိုင်းကို လှမ်းကြည့်လိုက်သည်။ ကောင်မလေးတွေရဲ့ အရိပ်အယောင်တောင်မတွေ့ရ။ အိမ်ရှေ့ကျော်ကျော်လောက်မှာ လာရာလမ်းအတိုင်း ပြန်ကာ မောင်းလို့ ကောင်မလေးတွေ ထွက်အလာကို စောင့်ဖို့ ၈၃လမ်းထိပ်မှာ စောင့်လိုက်ကြသည်။ ၂၉လမ်းသည် ဈေးချိုနဲ့ ၂လမ်းကျော်လောက်သာ ခြားသောကြောင့် ညဖက် ၇နာရီလောက်သာဆိုပေမယ့် လူစည်ကားနေဆဲဖြစ်သည်။ ဈေးဝယ်သူ၊ ဈေးရောင်းသူများနဲ့ ရှုပ်နေသလို ၈၄လမ်းပေါ်မှ ညဈေးတန်းကလည်း စပြီး အသက်ဝင်လို့လာနေချေပြီ။

တစ်အောင့်ကြာတော့ မချောလေး သုံယောက် ဖီးလိမ်းပြင်ဆင်ထားပုံများဖြင့် စာအုပ်ကလေးတွေကို ကိုင်ကာ ထွက်လာတာလှမ်းမြင်နေရပြီ။ ဆေတန်တို့ သုံးယောက်လည်း ကောင်မလေးတွေလာပြီဆိုတာ မြင်တာနဲ့ လှုပ်လှုပ်ရွရွဖြစ်လို့ ဆိုင်ကယ်တွေကို လမ်းဘေးမှာ ထားခဲ့ကာ ကောင်မလေးတွေနောက်ကိုလိုက်ကာ စကားပြောကြလေသည်။ ၈၃လမ်းပေါ်တွင် ဆေတန်က စပြီး စကားပြောလိုက်သည်။

"အစ်မတို့က ညတိုင်းစာအုပ်ငှားဖြစ်ကြတာလား။ ကျွန်တော်တို့ကိုလည်း မှတ်ထားပါ။ ကျွန်တော်က ဆေတန်ပါ။ သူက ဆူး။ သူက တရုတ်။ အစ်မတို့နဲ့ သူငယ်ချင်းဖြစ်ချင်လို့ပါ"

ဆေတန်က သူတို့ဘယ်သူဘယ်ဝါတွေဆိုတာကို မိတ်ဆက်ပေးလိုက်ပေမယ့် ကောင်မလေးတွေဖက်က အပြန်စကားလုံးတွေက ထင်သလောက် မလှပ။

"ငါတို့ကို လိုက်မနောက်ယှက်ပါနဲ့။ နင်တို့သူငယ်ချင်းဖြစ်ချင်တယ်ဆိုရင် ငါတို့ကိုဒီလိုနောက်က လိုက်နေပါ့မလား"

အငယ်မလေးရဲ့ ပြန်ပြီး ရန်တွေ့သံကို စကြားလိုက်ရသည်။ ဆူးကလည်း ငြိမ်မနေ ပြန်ပြီးပြောလိုက်သည်။

"တစ်ကယ်ပါ...ကျွန်တော်တို့ အစ်မတို့နဲ့ သူငယ်ချင်း ဖြစ်ချင်ရုံပါ...ကျန်တာ ဘာအကန့်မှ မရှိပါဘူး"
ဆူးကပြန်ပြောလိုက်ပေမယ့် တစ်ဖက်က အလတ်မက ပိုပြီးစိတ်တိုလာသည် ထင်သည် အသံပိုပြီး ကျယ်လာကာ မာလာသည်။


"ငါတို့အနောက်က လိုက်မလာပါနဲ့လို့... နင်တို့ကို လူလိုပြောနေတာမရဘူးလား"

တရုတ်က သူ့ရဲ့အသံဝဲဝဲလေးနဲ့ အားယူကာ "ဟာ..ဘာလို့အဲ့လောက် စိတ်တိုနေရတာလဲ....ခင်ချင်လို့ မိတ်ဆက်တာပဲ....နာမည်လေးပြောပြပါလား"

"နင်တို့ တော်တော် အဆင့်မရှိတဲ့ဟာတွေပဲ...ကောင်းကောင်းမွန်မွန်ပြောနေတာကို...နားမလည်ဘူး။ ငါတို့နောက် ဆက်မလိုက်လာနဲ့"

အငယ်မရဲ့ စူးစူးရဲရဲ တုန့်ပြန်သံအောက်မှာ သူတို့သုံးယောက်ခံရခက်သွားသည်။ မခံရ ဘယ်ရှိလိမ့်မတုန်း တစ်ကယ်ဆိုရင် သူတို့သုံယောက်လုံးက ထိုသို့ တစ်ခါမှ ပြောခံရဖူးတွေမဟုတ်။ ပြီးတော့ သူတို့က ကောင်မလေးတွေကို တစ်ကယ် သူငယ်ချင်းလုပ်ဖို့လောက်ပဲ စိတ်ဝင်စားကြတာဆိုတာ သူတို့ကိုယ်သူတို့သိသည်။ ဒါပေမယ့် ကောင်မလေးတွေက ဘာကြောင့် မယုံနိုင်ရတာလဲ။ ကောင်လေးတွေ က ကောင်မလေးတွေ နောက်ကို ခင်ချင်တယ်လို့ စကားလိုက်ပြောတိုင်း ကောင်မလေးတွေက သူတို့ကို ကြိုက်နေပါပြီဟု တစ်ထစ်ချ ဘာကြောင့်တွေးလိုက်ရတာလဲ။ အကယ်လို့ကောင်မလေးအားလုံးအဲ့ဒီလို မတွေးရင်တောင်မှ လောလောဆယ်တော့ ဒီကောင်မလေးတွေ တွေးနေပြီဆိုတာတော့ သေချာသည်။ စကားတွေလိုက်ပြောလိုက် ကောင်မလေးတွေက ပြန်အော်ကာ ပြောလိုက်နဲ့ ၂၉လမ်းထောင့်ကနေ ၈၃လမ်းမကြီးပေါ်မှာလိုက်ပြောလိုက်တာ လမ်း၃၀ကျော်ကျာ်လောက်ရောက်တော့ ကောင်မလေးတွေ စာအုပ်ဆိုင်ဝင်သွားကြသည်။ သူတို့သုံးယောက်လည်း ကောင်မလေးတွေ စာအုပ်ငှားအပြီးကို အပြင်ကစောင့်လို့နေလိုက်သည်။

ကောင်မလေးတွေ စာအုပ်ငှားပြီးပြန်ထွက်လာတော့ ဆေတန်ကပဲ အကြီးမနားကိုကပ်ကာ စကားစပြောလိုက်သည်။ အကြီးမက စကားကို တစ်လမ်းလုံး တစ်ခွန်းမှ မပြောသေး။ တစ်ကယ်တော့ ကောင်မလေးသုံးယောက်က ပဲက ခပ်များများရယ်သာ။ ဆေတန်အတွက်တော့ သူငယ်ချင်းဖြစ်ချင်ရုံလောက်သာစိတ်ရှိတော့ အထူးတစ်လှယ် ဘာမှစိတ်ထဲတွင်မရှိ။ စကားပြန်မပြောသော ကောင်မလေးထက်စာရင် ဘာစကားပဲ ဖြစ်ဖြစ် စကားပြန်ပြောသော ကောင်မလေးတွေနဲ့ စကားပြောရတာ ပိုပြီးအဆင်ပြေသည်ဟု ထင်သည်။

"အစ်မက စကားမပြောဘူးနော်...ဘာစာအုပ်တွေငှားလာတာလဲ"

ဆေတန်ပြောလိုက်ပေမယ့်လည်း တစ်ဖက်က စကားတုန့်ပြန်သံမကြားရ။ အစကတည်းကလည်း ဆေတန်က အကြီးမနားကပ်ရန်၊ ဆူးက အလတ်မနားကပ်ရန်၊ တရုတ်က အငယ်မနားကို ကပ်ရန်ဆိုပြီး ဆေတန်တို့သုံးယောက်က ခွဲတန်းချထားသည်။ ထိုသို့ ဘယ်ကောင်မလေးက ဘယ်သူ့ကောင်မလေးဟု ခွဲခြားထားပြီး လိုက်ပြောတော့ ကောင်မလေးသုံးယောက် အာရုံဟာ တစ်စုတစ်စည်းထဲမရှိပဲ ကွဲပြားနေမည်။ ထိုမှသာ သူတို့သုံးယောက် စကားပြောရတာ ပိုပြီးအဆင်ပြေနိုင်မည် မဟုတ်လား။ ဆေတန်သည် တစ်ဖက်က တရုတ်တို့၊ ဆူးတို့ အခြေအနေကို ကြည့်လိုက်တော့လည်း တရုတ်က အငယ်မရဲ့ ခပ်စွာစွာ စရိုက်အောက်မှာ လူးကာလိမ့်လို့နေသည်။ ဆူးကတော့ သူဟာနဲ့သူ ဖြေရှင်းလို့ အဆင်ပြေနိုင်နေတဲ့ပုံရသည်။ ဆေတန်ကတော့ ကျောက်ရုပ်တစ်ရုပ်နဲ့ စကားပြောနေရသလို။

"အစ်မ စကားပြန်မပြောချင်ရင်လည်း နေပါ။ ကျွန်တော်တို့ရဲ့ ခင်မင်မှုကိုတော့ အသိအမှတ်ပြုပေးပါ။ ဒီည ကျွန်တော်တို့ အစ်မတို့ အိမ်ရှေ့မှာ ဂီတာလာတီးမယ်နော်။ ခင်မင်မှုအမှတ်တရပေါ့ အစ်မရယ်"

ဆေတန်ဘာတွေပြောနေတာလောက်တော့ ထိုကောင်မလေးကြားနေမှာ သေချာပါသည်။ တစ်ဖက်က အလတ်မနဲ့ အငယ်မရဲ့ အသံတွေနှင့်အတူ တရုတ်နဲ့ဆူးရဲ့အသံတွေကလည်း ကြားနေရသည်။

"ဟာ...ဆက်လိုက်မလာနဲ့တော့....အိမ်နားရောက်နေပြီ"

"ဒါဆို ခင်တာကို လက်ခံပေး"

"အိမ်ကလူတွေ မြင်ကုန်လိမ့်မယ်"

"မြင်မှာ ကြောက်ရင် နာမည်မြန်မြန်ပြောပြလိုက်လေ"

အိမ်နားမရောက်ခင်လောက်မှာပဲ သူတို့သုံးယောက် နောက်ကြောင်းပြန်လှည့်ခဲ့လေသည်။ ကောင်မလေးအိမ်ရှေ့မှာ သီချင်းသွားဆိုဖို့ ပြင်ဆင်ကြလေသည်။ ကောင်မလေးအိမ်သည် မန္တလေးမြို့ရဲ့ လူအစည်ကားဆုံးနေရာမျိုးမှာရှိတော့ မန္တလေးတက္ကသိုလ်ဖက်က အဆောင်တွေမှာလို ည၁၀နာရီအချိန်မျိုးလောက် သွားဆိုလို့မဖြစ်။ ညသန်းခေါင်ယံအချိန်ဖြစ်တဲ့ ည၁၂နာရီတိတိမှာ သီးချင်းလာဆိုမယ်ဆိုတဲ့အကြောင်းကို ပြောထားခဲ့လိုက်ပြီးပြီဖြစ်သည်။

တစ်ကယ်လည်း ည၁၂နာရီလောက်ကျမှသာ ကောင်မလေးတွေရဲ့ အိမ်ရှေ့မှာ လူသူရှင်းသယောင်ယောင် ဖြစ်လို့လာသည်။ အဖွဲ့ထဲမှာ ဆေတန်ကပဲ ဂီတာကိုတီးကာ သုံးယောက်သား တိုင်ပင်ထားသည့်အတိုင်း သီးချင်းတွေကို ဆိုကြလေသည်။ ကောင်မလေးတွေအတွက် သီချင်း တစ်ချို့တစ်လေကို ဖြတ်ဆိုဖြစ်ကြသည်။ ကောင်မလေးတွေကလည်း သူတို့နားထောင်နေသည်ကို မသိသာစေရန် မီးပိတ်လို့ ခိုးနားထောင်နေကြသည်။ ဒါကို သူတို့သုံးယောက်ကလည်း ကောင်မလေးတွေ ချောင်းနားထောင်နေသည်ကို ပြတင်းပေါက်ကနေ တစ်ဆင့် တွေ့ဖြစ်အောင် တွေ့လိုက်ရသည်။ သီးချင်းတွေ တစ်ပုဒ်ပြီးတစ်ပုဒ်ဆိုပြီးတော့ သူတို့သုံးယောက် ခဏနားလိုက်ရင်း ဆေတန်မှ ကောင်မလေးတွေကို ကြားအောင် စကားလေးလှမ်းပြောလိုက်သည်။

"ကျွန်တော်တို့ နောက်ဆုံးသီးချင်းလေးတစ်ပုဒ်အဖြစ် ဇော်ဝင်းထွဋ်ရဲ့ လူငယ်လေး တစ်ယောက်အကြောင်း သီချင်းလေးနဲ့ နှုတ်ခွန်းဆက်သရင်း ကောင်းသောညလေး ဖြစ်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ"

မနက်၂နာရီကျော်လောက်တွင် သူတို့သုံးယောက်ရဲ့ နောက်ဆုံး နှုတ်ဆက်သီးချင်းလေး တစ်ပုဒ်ကို ညိမ့်ညိမ့်လေး စကာ တီးလို့ သီဆိုလိုက်ကြသည်။


~~~~~လူငယ်လေးတစ်ဦးပါ...တေလေလေးလား ဝိုင်းကဲ့ရဲ့တယ်~~~~~
~~~~~အားလုံးမှားသွားပြီကွယ်...ခွင့်လွှတ်ခဲ့ပါတယ်~~~~~


~~~~~လူငယ်လေးတစ်ဦးဟာ...တယ်လီဖုန်းလေးဖြစ်ဖို့ကွယ်...ကြိုးစားသွားခဲ့သူကို...လေးစားမိပါတယ်~~~~~

~~~~~ခြေပြင်အလား မြေပြင်...မော်တော်ယာဉ် ဖန်ဆင်းခဲ့တယ်...မော်တော်ယဉ်ကျော်ကာ...လေယာဉ်ပျံ တီထွင်သွားကြတယ်~~~~~
~~~~~လူငယ်ဟာ လူငယ် ဇွဲကောင်းကောင်း ဖွေရှာပါစေကွယ်...အမှန်အမှားတွေ ကိုယ်တွေ့ရှာ မှားသွားလည်း နေပါစေ...အမှန်တရားကို ရှာတဲ့သူ ရဲရဲပဲ ရှာပါစေ~~~~~


~~~~~လူငယ်လေးတစ်ဦးပါ သေရင်အားလုံး စွန့်လွှတ်ရမယ်...အားလုံးကောင်းကျိုးဆောင်ရန် ကြိုးစားအသက်ရှင်မယ်~~~~~

**********************************************

ဆေတန်တို့ သုံးယောက် ထိုကောင်မလေး သုံးယောက်ဖက်ဆီကို ညနေဖက်တွေတိုင်း ဓာတ်ကျနေတတ်သည်။ တစ်နေ့ထက်တစ်နေ့ ပိုပိုပြီးချင်းကပ်လာတော့ ကောင်မလေးတွေ အရင်ကလောက် နစ်နစ်နာနာ မပြောလာတော့။ အကြီးမလည်း စကားတွေ နဲနဲပါးပါးပြောလာလေပြီ။ အရင်လို ကျောက်ရုပ်အရုပ်တစ်ရုပ် မဟုတ်တော့။ သို့သော် သူတို့ကို ရိုးရိုးသားသား ခင်ချင်တယ် ဆိုတာကိုတော့ မယုံရေးချ မယုံ ဟုပင်ဆိုကာနေဆဲပင်။ တစ်ခါတစ်ရံ ကောင်မလေးတွေက ကားနဲ့အပြင်ထွက်တတ်သည်။ ထိုအခါမျိုးဆိုလျှင် ဆိုင်ကယ်နှစ်စီးနဲ့ ကားဘေး တစ်ဖက်တစ်ချက်စီခြံရံကာ စကားလိုက်ပြောဖြစ်ကြသည်။ ထို့အတူ ကောင်မလေးတွေကို တစ်ခြားကောင်လေးတွေကလည်း အိမ်ရှေ့သို့ ကား၊ ဆိုင်ကယ်တွေနဲ့ လာပတ်ကြသူတွေရှိသည်။ ဆေတန်တို့ သုံးယောက်လိုတော့ ဘယ်သူကမှ လိုက်ပြောတာမျိုး မလုပ်ကြ။ ဒါ့အပြင် ကောင်မလေး အိမ်ရှေ့မှာ ရေသန့်ဗူးနဲ့ထိုင်ကာ စောင့်လို့ ပိုးသူတွေကလည်း ရှိသေးသည်။

ကောင်မလေးတွေက ကွန်ပြူတာ သင်တန်းတက်သည်ကို တရုတ်က သိထားသည်။ ကောင်မလေးတွေက သူငယ်ချင်း ဖြစ်ချင်တာကို မယုံမဲ့အတူတူ တရုတ်က အငယ်မလေးကို လိုက်ဖို့ စဉ်းစားလိုက်သည်။ ထုံးစံအတိုင်း ဆေတန်က ရည်းစားစာရေးပေးရသည်။ ဆေတန်က ဒီတစ်ခါ ရည်းစားစာကို floppy disk နဲ့ပေးဖို့ တရုတ်ကို အကြံပေးလိုက်သည်။ ရည်းစားစာကို floppy disk ထဲတွင် မြန်မာလို ရိုက်ပြီး သိမ်းထားလိုက်သည်။ ထိုကိစ္စကို ဒီည အကောင်အထည် ဖော်ရန် တရုတ်ကို ချိန်းထားလိုက်သည်။


**********************************************

၃၇လမ်းပေါ်က Summit အင်္ဂလိပ်စကားပြောသင်တန်း ပြီးချိန်တွင် ညရောက်နေပြီ။ ထူးကိုတို့သင်တန်းက သူငယ်ချင်းကောင်မလေး ခိုင်ခိုင်က ၇၃လမ်း မန္တလေးတက္ကသိုလ် (မိန်း) မြောက်အပေါက်ဝက ရိုးရိုးလေး ကဖေးတွင် ထမင်းလိုက်ကျွေးသည်။ ထမင်းလိုက်ကျွေးရင်း သူတို့ သဇင်မိန်းကလေးအဆောင်ကို ဂီတာလာတီးပေးဖို့ စည်းရုံးသည်။

"ထူးကို နင်တို့အဖွဲ့က ဂီတာ တီးတာ အရမ်းကောင်းတယ်ဆို"

"နင့်ကို ဘယ်သူပြောလဲ"

"ဟိုနေ့က နင်တို့ ၆၉လမ်းပေါ်က သီရိမေအဆောင်ဖက်မှာ သွားတီးကြတယ်မလား။ အဲ့ဒီအဆောင်မှာ ငါ့ သူငယ်ချင်းနေတယ်လေ။ သူပြောပြတာပေါ့"

ဆေတန်တို့က တစ်ခါတစ်လေမှသာ အဆောင်တွေဖက်ကို လိုက်တီးတတ်သည်။ ဂီတာတီးသူများသည် များသောအားဖြင့် အဆောင်တွေဖက်တွင် သွားတီးတတ်ကြတာများသည်။ အဆောင်တွေဖက် လိုက်တီးကြသူတွေတွင် အမှန်အကန် စော်ကို ကြွေလို့ တီးကြသူတွေရှိသလို၊ သူငယ်ချင်းတွေက တောင်းဆိုလို့လာတီးပေးသူများလည်းရှိသည်။ ဆေတန်တို့လို အပျော်သက်သက် ကြုံရင်ကြုံသလိုသွားတီးတတ်သော လူမျိုးများကတော့ များသောအားဖြင့် အဆောင်တွေထက် အိမ်တွေဖက်ကို လိုက်တီးတာများသည်။ ဆေတန်တို့ဆိုသည်မှာထက် ထူးကိုပုံစံဖြင့်ပေါင်းမိသော အပေါင်းအသင်းအဖွဲ့ ဆိုလျှင်ပိုမှန်မည်။

"ဟဲ့...ဘာတွေ စဉ်းစားနေတာလည်း...ငါပြောတာကော ကြားရဲ့လား"

"အေး...ဟင် ဘာလဲ...နင်ဘာပြောလိုက်တာလဲ" ထူးကိုအတွေးတွေ လွင့်နေချိန် ခိုင်ခိုင့်ရဲ့ လှမ်းခေါ်သံကြောင့်ပျက်သွားသည်။

"ငါတို့ သဇင်ဆောင်ကိုဟာ ငါ့ သူငယ်ချင်းအတွက်ရယ်၊ ငါ့အတွက်ရယ်ဆိုပြီး လာဆိုပေးစမ်းပါလို့"

"ဟ...နင်ကဘယ်လိုဖြစ်တာလဲ...နင်တို့တွေကို ဘယ်ဘဲကမှ လာမကြွေပြကြဘူးလား"

"အဲ့ဒါကြောင့်မဟုတ်ဘူးဟေ့....ငါတို့အဆောင်က မြောက်ကြွမြောက်ကြွ ဖြစ်နေတဲ့ အဆောင်သူတစ်ချို့ကို ကြည့်မရလို့။ သူတို့ကို ညညကောင်လေးတွေက ဂီတာလာလာတီးပြတာကို သူတို့က ဘဝင်လေဟပ်နေတယ်ဟယ်။ ငါတို့ကိုကျတော့...လာတီးမဲ့သူတောင် မရှိဘူးဆိုပြီး...သူတို့က ပြောချင်နေတယ်ဟာ"

ထူးကိုစိတ်ထဲမှာ သြော်...မိန်းကလေးတွေမှာလည်း ဒီလိုကိစ္စလေးတွေ ရှိသေးသကိုးလို့ မှတ်သားထားလိုက်သည်။ ထိုအချိန် ရ၃လမ်းမပေါ်မှာ သင်တန်းက ကျော်ဇင် ဖြတ်သွားလို့ လှမ်းခေါ်လိုက်သည်။

"သေနာ..သင်တန်းပြီးတာက ကြာပြီ။ နင်က ခုမှ ဘယ်က ပေါ်လာတာလဲ"

"အောင်မယ်...ခိုင်ခိုင်...နင်က ထူးကိုနဲ့ နှစ်ယောက်ထဲ ရိုးရိုးလေးမှာ မရိုးတရိုးလေး လာလုပ်နေတယ်ပေါ့လေ"

ကျော်ဇင်က လာလာချင်းကို ပုဆိန်နဲ့ စပြီး ထွင်းလေသည်။ တစ်မီးက မငြိမ်းသေး။ နောက်တစ်မီးကို ထမွေးနေပြန်ပြီ။ မဖြစ်ဘူး စကားကို အမြန်ဝင်ပြောရသည်။

"ကျော်ဇင်...မင်းဘာစားမလဲ...ဒီမှာ တောသူဌေးက ပြုစုနေတာ"

"လက်ဖက် ထမင်း လုပ်ကွာ"

"ဟေ့ကောင် ကျော်ဇင်..ခိုင်ခိုင်က သူတို့အဆောင်ကို ဂီတာလာတီးပေးဖို့ ပြောနေတာ။ ဘယ်လိုလဲ မင်းစိတ်ဝင်စားလား"

ကျော်ဇင်က မျက်နှာကြီး မဲ့လို့ ခေါင်းခါပြသည်။ ကျော်ဇင်က သင်တန်းက ငပြောင်လို့ပြောရမည်။ အတန်းလည်း ခဏခဏလစ်သည်။ သင်တန်းမှာ အင်္ဂလိပ်သီချင်းတွေ ဆိုချိန်တွင် သူပဲ ဂီတာကို ပင်တိုင်တီးသည်။ ကျော်ဇင်ကို အပီ မစည်းရုံးနိုင်လျှင် ဒီအထုပ်မှာ ထူးကိုဝင်ရှုပ်ရတော့မည်ဆိုတာ ကျိန်းသေမလွှဲ။ ထို့ကြောင့် ဆက်ပြီး စည်းရုံးလိုက်သည်။

"ကျော်ဇင် စိတ်ကူးမလွဲနဲ့နော်...မင်းကြိုက်တဲ့ ဗန်းမော်တိုက်လမ်းကြားထဲက တောင်ကြာပန်းမှာ တစ်ပတ်တိတိ စရိတ်ငြိမ်း"

"တစ်ကယ်လား ခိုင်ခိုင်" ကျော်ဇင်က သူ့အကြိုက် တောင်ကြာပန်း ရှမ်းစားသောက်ဆိုင်မှာ တစ်ပတ်တိတ် အဝဆွဲရမယ့် အခွင့်အရေးကို မသေချာမှာစိုးလို့ ပြန်မေးလိုက်သည်။ ခိုင်ခိုင်ကလည်း ကျော်ဇင့်အစွမ်းကိုသင်တန်းမှာ မျက်မြင်ကိုယ်တွေ့ဆိုတော့ ထူးကိုပြောတဲ့ အလဲအလှယ်ကို အင်တင်တင်နဲ့ သဘောတူလိုက်ရသည်။

"အေးပါဟယ်...ကောင်စုတ် နင်ဒါမျိုးကျတော့ ငတ်ကြီးက ကျလိုက်တာလွန်ရော"

"ထူးကို မင်းကော လိုက်မှာမို့လား" ကျော်ဇင်က သူ့ကိုပါ လိုက်စေချင်နေပုံရသည်။

"မင်းကလည်း တောင်ကြာပန်း မျက်နှာကြီးက အားနာစရာကြီး။ ငါအားတဲ့နေ့လိုက်မှာပေါ့ကွာ"

ခိုင်ခိုင့်ကို လှမ်းကြည့်လိုက်တော့ သူ့အတွေးနဲ့သူ ကျေနပ်စွာပြုံးလို့။ ကျော်ဇင်ကလည်း လက်ဖက်ထမင်းကို အပြတ်ဆွဲလို့။ လောကကြီးက ဒီလိုပါပဲလေ အပေးအယူတည့်သွားတော့လည်း စိတ်ချမ်းသာမှုတွေ ပိုပိုပြီးများလာတာပါပဲ။ အရေးကြီးတာက အဆင်ပြေပြေနဲ့ အပေးအယူတည့်အောင် လုပ်ကိုင်တတ်ဖို့ပါပဲ။ ရုတ်တရက် ထမင်းစားနေရင်း ကျော်ဇင်က

"မင်းတို့ကို ပြောမလို့... ခိုင်ခိုင် သီချင်းဆိုခိုင်းတဲ့ ကိစ္စပြောနေတာနဲ့ မေ့တောင်နေတယ်...ခုနတုန်းကကွာ ကျုံးဖက်မှာ ဆိုင်ကယ်အဖွဲ့လိုက်နဲ့ လူရိုက်ပြီး ဆွဲကြိုးလုသွားတယ်"

"မင်းကဘယ်လိုလုပ်သိလဲ...သေချာလို့လားကွာ" ထူးကိုက တစ်ခုခုကို စဉ်းစားဟန်ဖြင့် ကျော်ဇင်အား ပြန်မေးလိုက်သည်။

"သေချာတာပေါ့ကွာ ငါအတန်းပျက်တာ အဲ့ဒါကြောင့်လို့ ပြောလို့ရတယ်...မူးနေကြတယ်ထင်တယ်ကွာ ဆိုင်ကယ်စီးတဲ့ကောင်လေးတွေ ၁၀ယောက်လောက်ရှိမယ်...ကျုံးမြောက်ဖက်မှာ အဒ်ါကြီးကို ဆိုင်ကယ်စီးနေရင်း ရိုက်တာကွ ပြီးတော့ ဆွဲကြိုး ဖြုတ်ပြီး လစ်တာ....ငါနဲ့အဲ့ဒီအနီးအနားကလူတွေက ကျန်ခဲ့တဲ့ အဒေါ်ကြီးကို ဆေးရုံပို့ပေးနေရလို့ ငါသင်တန်းကို အမှီမလာနိုင်တော့တာ"

"အေးနော် ကျော်ဇင်...မိန်းထဲမှာ ဆိုင်ကယ်အုပ်ကြီးကို တွေ့တွေ့နေရတယ်...နင်လည်းဂရုစိုက်။ ။ ခုဟာတွေလည်း ကုန်အောင်စား ။ ပြီးရင် ဒီည ငါတို့အဆောင်ကို လာတီးဖို့ မမေ့နဲ့"

"ဘာလာ တီးရမှာလဲဟင်" ကျော်ဇင်က မျက်နှာပြောင်ပြောင်နဲ့ ခိုင်ခိုင့်အားစလိုက်သည်။

"ကောင်စုတ်...ဂီတာလာတီးဖို့ပြောနေတာဟဲ့..."

ခိုင်ခိုင်နဲ့ကျော်ဇင်က စကားနိုင်လုလိုက်၊ စလိုက်နောက်လိုက်နဲ့ သူ့တို့ကိစ္စနဲ့သူတို့တော့ ဟုတ်နေသည်။ ထူးကိုကတော့ ခုနကိစ္စကို ခဏအတွေးရောက်သွားပြီး အနေအထားမပျက် ခိုင်ခိုင်တို့နဲ့ ပုံမှန်အတိုင်း စလိုက်နောက်လိုက်လုပ်ကာ ထိုညက ရိုးရိုးလေးမှာ ရယ်သံတွေ၊ စကားသံတွေ ကောင်းကင်ယံထက်ကို လွှင့်ပျံတက်လို့နေခဲ့လေသည်။


**********************************************

သတ်မှတ်ထားတဲ့ညသန်းခေါင်ယံအချိန်အတိုင်းပဲ တရုတ်နဲ့အတူ ကောင်မလေးအိမ်ရှေ့ကို ရောက်လာခဲ့သည်။ အစီအစဉ်အတိုင်း ကောင်မလေးအိမ်ရှေ့ရဲ့ တံခါးပေါက်ဝမှာ ရည်းစားစာရေးပြီးသိမ်းထားတဲ့ floppy disk ကိုသွားချထားဖို့ပင်ဖြစ်သည်။ ထိုအစီအစဉ်ကတော့ ရှင်းပါသည်။

ကောင်မလေးတွေကို တိုက်ရိုက်ပေးရင် မောရုံပဲရှိမည်။ သူတို့က မှုနေမည် ယူမှာမဟုတ်။ ခုလို တိုက်ရိုက်မဟုတ်သော နည်းဖြင့် ပေးတော့ ကောင်မလေးတွေအတွက် ရည်းစားစာအပေါ် ပိုပြီးလွတ်လပ်စွာ စိတ်ဝင်စားမှု ရှိလို့ရနိုင်သည်။ အိမ်ရှေ့မှာ သွားထား ထားတော့ မနက်အိမ်တံခါးဖွင့်ရင် တစ်ယောက်ယောက်တွေ့လိမ့်မည်။ ကောင်မလေးတို့အိမ်က အလုပ်သမလေးတစ်ယောက်ယောက်ဖြစ်ဖြစ်၊ အဒေါ်ဖြစ်ဖြစ် ထို floppy disk ကို တွေ့ဖြစ်ခဲ့ရင် ဒီပစ္စည်းကို ကောင်မလေးတို့ ပစ္စည်းဟု ထင်ကောင်းထင်မည်။ ထိုအခါ ကောင်မလေးတွေကို သွားမေးပြီး ပေးလိမ့်မည်။ ထိုအခါ ကောင်မလေးတွေက သူတို့ဟာ မဟုတ်မှန်းသိလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ခုဆေတန်တို့ ဒီလိုအချိန် ညသန်းခေါင်ကြီးမှာ သီးချင်းမဆိုပဲ အိမ်ရှေ့မှာ တစ်ခုခု ချခဲ့သည်ဆိုတာကို သိဖို့ floppy disk သွားမချခင် ကောင်မလေးတွေကို အသံကျယ်ကျယ်ဖြင့် လျှောက်အော်ပြီး ဆေတန်တို့ ညကြီးမင်းကြီး အိမ်ရှေ့မှာ ရှိခဲ့တယ် ဆိုတာကို သိရုံလောက် ကောင်မလေးတွေကို လုပ်ပေးလိုက်ရုံနဲ့ ကောင်မလေးတွေ ဒီပစ္စည်းက ဘယ်သူထားခဲ့တယ် ဆိုတာကို အလိုလို သဘော ပေါက်သွားနိုင်ပေလိမ့်မည်။ ထို့ကြောင့် ဆေတန်က တရုတ်အား ရည်းစားစာကို floppy disk နဲ့ပေးရန် အကြံပေးလိုက်ခြင်းဖြစ်သည်။ တစ်ကယ်တန်း ထိုကိစ္စ အစအဆုံးကိုလည်း ဆေတန်ကိုယ်တိုင်ပဲ လိုက်လုပ်ခဲ့ရသည်။ တရုတ်က နာမည်ခံသက်သက်ပင်။

ဆေတန်ရဲ့ တွက်ကိန်းလုံးဝမမှားခဲ့ဖူးဆိုတာကို နောက်တစ်နေ့မှာ ဖြစ်လာမဲ့ ဖြစ်ရပ်တွေက သက်သေခံနေလေသည်။ နောက်တနေ့မှာ တရုတ်က ကောင်မလေးတွေ ကွန်ပြူတာ သင်တန်းအသွား လက်ထဲမှာ မနေ့ညက အိမ်ရှေ့မှာ ထားခဲ့တဲ့ floppy disk လေးကို ကိုင်ထားတယ် ဆိုတာကို ဖုန်းဆက်ပြီး လှမ်းပြောလာသည်။ တရုတ်ကိုလည်း ကောင်မလေးတွေကို ဒီညလိုက်ပြောမယ်လို့ ချိန်းလိုက်သည်။ ဆူးကလိုက်နိုင်မှာမဟုတ်။ ဆေတန်က ဆူးကို မနေ့ညက ကျုံးဖက်မှာ ဆွဲကြိုးလုတဲ့ ကိစ္စကို စုံစမ်းခိုင်းထားသည်။ ဒီကိစ္စမှာ ဆေတန်ရဲ့အဖွဲ့သားတွေ မဖြစ်နိုင်ဘူးဆိုတာ သေချာသည်။ သူတို့အဖွဲ့မှာ အဲ့ဒီလိုမျိုး အကျင့်စာရိတ္တ ခြစားနေသူများ မရှိအောင် အစကတည်းက စီစစ်ကာ အမြဲသတိပေးထားမြဲဖြစ်သည်။ ထိုကိစ္စ ပေါ့လို့မဖြစ်။ ဆေတန်တို့ရဲ့ နာမည်နဲ့ ဂုဏ်သိက္ခာကို ပါထိလာတဲ့ကိစ္စ။ လူတွေက ဆိုင်ကယ်နဲ့ အုပ်စုဆိုလျှင် ဆေတန်တို့ အဖွဲ့ဟု ထင်ချင်နေကြသည်။ ဒီကိစ္စကို အမြန်ဆုံး သိနိုင်အောင် ဆူးကိုစုံစမ်းခိုင်းထားခြင်းဖြစ်သည်။

ညဖက်တွင် ကောင်မလေးတွေ စာအုပ်အငှားအလာကို တရုတ်နဲ့ စောင့်နေတုန်း ဆူးရဲ့ဖုန်းဝင်လာသည်။ မနေ့ညက လုပ်သွားတဲ့ ကောင်တွေဟာ ဘယ်သူတွေဆိုတာသိပြီဟု လှမ်းအကြောင်းကြားခြင်းဖြစ်သည်။ ထိုကောင်တွေထဲတွင် လူကြီးသား ၂ယောက်ပါတယ် ဆိုတာကိုပါ ဆူးက ထည့်ပြောလာသည်။ ဆူးကိုလည်း ထိုကိစ္စကို အတတ်နိုင်ဆုံး ပြေပြေလည်လည် အရင်ဆုံး ဖြေရှင်းကြည့်ဖို့ပြောလိုက်သည်။ မလိုအပ်ပဲ လက်မလွန်မိစေဖို့ သတိပေးလိုက်သည်။ ထိုအချိန်တွင် ကောင်မလေးတွေ ထွက်လာတာတွေ့လိုက်ရသည်။ ထုံးစံအတိုင်း ဆိုင်ကယ်ကိုလမ်းဘေးမှာ ထားခဲ့ကာ လိုက်ပြောကြသည်။

"floppy disk ထဲက စာတွေ ဖတ်ပြီးသွားပြီလား" တရုတ်က စကားစလို့ပြောကာ မေးလိုက်သည်။

"ဟွန်း...ပြောတော့ သူငယ်ချင်းလိုပဲ ခင်ချင်တာဆို...ခုကျတော့ ရည်းစားစာကိုတောင် floppy disk နဲ့ ထည့်ပြီးပေးနေတယ်" အငယ်မရဲ့ မူသလိုလိုအသံလေးဖြင့် ပြန်ကာပက်လို့ ပြောနေသည်။

"သူငယ်ချင်းလိုပဲ ခင်ချင်တာက ကျွန်တော်နဲ့ဆူးပါ။ ဒီကောင် တရုတ်မပါဘူး" ဆေတန်က စကားကို ဝင်ကာ ထောက်ပေးလိုက်သည်။

"ယူ က စကား သိပ်တတ်တယ်နော်" အကြီးမက အေးအေးလေး ဆိုလာသည်။

"နင်တို့တွေ... ငါတို့နောက်ကို ဆက်မလိုက်ပါနဲ့တော့ဟာ နော်...လုံးဝ ဆက်မလိုက်ပါနဲ့တော့" အလတ်မက စိတ်မရှည်သလို ပြောလိုက်သည်။

ကောင်မလေးတွေနောက်သို့ အသွားအပြန် လိုက်ပြောခြင်းများကို တာဝန်ကျေကျေ ထမ်းဆောင်လို့အပြီး ဆိုင်ကယ်ထားခဲ့ရာ နေရာဆီသို့ တရုတ်နဲ့အတူ လမ်းလျှောက်လာခဲ့လိုက်သည်။ ထိုအချိန်တွင် ဆိုင်ကယ်နားမှာ အသင့်စောင့်နေသော လူ၃ဦး ဆေတန်တို့နား ကပ်လာပြီး အလယ်က အရပ်အနိမ့်ဆုံးလူက စကားလှမ်းမေးလိုက်သည်။

"မင်းတို့က ဇာနည့် ညီတွေလား"

"မဟုတ်ပါဘူး...ဘာဖြစ်လို့လဲ" ဆေတန်က ပြန်ဖြေလိုက်သည်။ ထိုလူသုံးယောက်က ဆေတန်ကို ဒီလိုလာမေးနေပြီဆိုကတည်းက လိုင်းပေါ်က ကောင်တွေ မဟုတ်တာတော့ သေချာနေပြီ။ လိုင်းပေါ်က လူတွေသာဆိုရင် ဆေတန်ကို ဒီလိုမေးဖို့မပြောနဲ့ ဝေးဝေးကတောင် ရှောင်သွားကြတာများသည်။ တစ်ကယ်တော့ ဆေတန် သူတို့ကို သတိထားမိပါသည်။ ဟိုကောင်မလေး သုံးယောက်ရဲ့ အိမ်ရှေ့မှာ ရေသန့်ဗူးနဲ့ကို ထိုင်ကာစောင့်စောင့်နေတတ်သော စက်ဘီးနဲ့ ၃ယောက် အုပ်စုဖြစ်သည်။ ခုလည်း ဆေတန်တို့ ကောင်မလေးတွေနောက်ကို လိုက်လိုက်နေတာကို ကြည့်မရတော့လို့ထင်သည်။ စကားနဲ့ စတင်ကာ ပုံမှားရိုက်ပြီး ဝင်လာခြင်းဖြစ်သည်။ သို့သော် အတတ်နိုင်ဆုံးပြေပြေလည်လည်ပြောဖို့ ဆုံးဖြတ်လိုက်သည်။

"မင်းတို့နဲ့ အဲ့ဒီ ညီအစ်မတွေက သူငယ်ချင်းတွေလား" သူတို့က မေးလည်းမေး၊ လက်တွေပေါ်က အင်္ကျီတွေကိုလည်း လက်တစ်တောင်ဆစ်ပေါ်ထိ မကာတင်နေပြီ။ အခြေအနေက အချိန်မရွေး ထကာ ထိုးကြတော့မည့်ပုံ။

""အင်း...ဟုတ်တယ်။ သူငယ်ချင်းတွေလေ ခုလည်း သင်တန်းမှာတုန်းက floppy disk ကျန်ခဲ့လို့ လိုက်ပေးနေတာ" ဆေတန်က ခပ်တည်တည်ကို ဖိန့်ချလိုက်သည်။တစ်ဆက်ထဲ ထိုသူတို့အား မေးလိုက်သည်။

"အစ်ကိုတို့က သူတို့ညီအစ်မတွေကို လိုက်နေတာလား"

"အေး...ဟုတ်တယ်"

"သြော်...ဒါဆိုလည်း လိုက်ပေါ့ အစ်ကိုရာ"

အခြေအနေက ထင်တဲ့အတိုင်းပင် ပြန်ပြီး အေးဆေးဖြစ်သွားသည်။ ဆေတန်လိုချင်တာလည်း ထိုအခြေအနေမျိုးပင်ဖြစ်သည်။ ဘယ်ကိစ္စမဆို သွေးအေးအေးနဲ့ ပြသာနာတွေကို ဖြေရှင်းသွားနိုင်တာ အကောင်းဆုံးပင်ဖြစ်သည်။ တရုတ်ကတော့ သိပ်မကျေနပ်။ ဒါဘလိုင်းကြီး ဝင်စော်ကားတာဆိုပြီး လုပ်လို့နေသည်။ ဆေတန်ကတော့ ထိုကိစ္စကို မေ့ထားလိုက်ကာ အိမ်သို့ပြန်လာခဲ့သည်။

အိမ်တွင် ဆူးကိုတွေ့လိုက်ရသည်။ အခြေအနေမေးတော့ ဆေတန်ထင်သလို ဖြစ်မလာ။ သူတို့ကို ပြေပြေလည်လည်ပြောပေမယ့် မရကြောင်း။ မန္တလေးတက္ကသိုလ် မြောက်ဖက် အပေါက်ဝနဲ့ ၇၃လမ်းဆုံရာ ယူနီဆန် ကဖေး ရှေ့တွင် သူတို့ဖက်မှ စပြီး ရိုက်ကြကြောင်း။ ဒါနဲ့ ဆူးတို့လည်း ပြန်ဆော်ကြကြောင်း။ ကျော်ကြီးက တစ်ဖက်ကကောင် တစ်ကောင်ရဲ့ နောက်ကျောဖက်ကို ဓားဖြင့်ခုတ်ချခဲ့ကြောင်း။ ပြီးနောက် တစ်ဖက်ကကောင်တွေ ထွက်ပြေးသွားခဲ့ကြကြောင်း တွေကို ဆူးက ပြန်ပြောပြနေသည်။ သေချာပါသည် ဟိုအကောင် ခုချိန်လောက်ဆို ဆေးရုံ ရောက်နေလောက်ပြီ။

ဒီလောက်ဆိုရင် ဆေတန်ဘာလုပ်ရတော့မည်ဆိုတာကို သဘောပေါက်သည်။ အဖွဲ့သား အားလုံးကိုလည်း မနက်ဖြန် ဆုံနေကြနေရာမှာ ဆုံဖို့မှာလိုက်သည်။

ဆက်ရန်

ရှေးစာဆို
"တီတီ...တီတီ...တီတီ...တီတီ"

မနက်ခင်း ရောင်ခြည်မတောက်ခင် အိပ်စက်ခြင်းများကို အာရုံလာနောက်နေသော ဖုန်းသံသည် ဆေတန်တစ်ယောက် ဖုန်းမကိုင်မချင်း မည်နေမည့်ပုံပေါ်သည်။ အိပ်မှုံစုံမွှားနှင့် ဒီလိုအချိန်ကြီး ဘယ်သူများပါလိမ့်လို စဉ်းစားရင်း စားပွဲပေါ်က ဖုန်းကို မှန်းဆကာ ရှာရင်း ဖုန်းကို ထူးလိုက်သည်။

"ဟယ်လို"

"ဟယ်လို...ဆေတန်...ငါ...ငါ တရုတ်...မင်းအိပ်နေတုန်းလား" တစ်ဖက်မှ တရုတ်ရဲ့ ဂနာမငြိမ်တဲ့ အသံကို စကြားလိုက်ရသည်။

"အေး တရုတ်...မင်းကလည်း ဒီလောက်အစောကြီး ဆက်လာရသလားကွာ...ပြော" အိပ်ချင်မှုးတူးနဲ့ ပြန်ဖြေကာ မေးလိုက်သည်။

ဆေတန်က ပြောလို့သာ ပြောလိုက်ပေမယ့် မပြောနဲ့ဆိုလည်း ပြောလာမယ့် လူမျိုးဟာ တရုတ်ပင်ဖြစ်သည်။ တရုတ်က သူတစ်ခုခုဖြစ်တိုင်း၊ ဖြစ်ချင်တိုင်း ဆေတန်ဆီမှာ မကြာခဏ ဆိုသလို လာလာပြီး ဖုန်းနဲ့တစ်မျိုး၊ လူဖြင့်တစ်ဖုံ တိုင်ပင်ကာ ရင်ဖွင့်လေ့ရှိသည်။ ခုလည်း တစ်ခုခုဖြစ်လာပြန်ပုံရသည်။ အတွေးမဆုံးခင်မှာပင် တစ်ဖက်ဖုန်းမှ တရုတ်အသံ ထွက်လာသည်။

"ဆေတန် ငါ ရည်းစားလိုချင်လို့"

ကလေးတစ်ယောက်က မုန့်လိုချင်လို့ တောင်းဆိုနေသလိုပင် တရုတ်ပြောလိုက်ပုံက အလွန်လွယ်လွန်းနေသည်။ ဒီတရုတ် ခဲမမှန်ဖူးတာလည်း မဟုတ်ဘူး ခုထိလည်း မမှတ်သေးပါလားလို့ စိတ်ထဲက သြဘာပေးရင်း တမင် ငေါ့ကာ ပြန်ပြောလိုက်သည်။

"မင်းရည်းစားလိုချင်တာ ငါနဲ့ဘာဆိုင်တုန်း"

"မဟုတ်ဘူးလေကွာ...မင်းမှာများ လွတ်တဲ့ အသိလေးဘာလေး ရှိမလားလို့"

တရုတ်ပြောလိုက်ပုံမျိုးကို တရုတ်နဲ့ ရည်းစားဖြစ်မဲ့ ကောင်မလေးသာ ကြားရင်ဘယ်လိုနေမလည်းတော့မသိ။ တရုတ်က အဲ့ဒီလိုမျိုး အူကြောင်ကြောင်နိုင်တာရယ်၊ စကားမပြောအဆို မတတ်တာရယ်က တစ်ခါတစ်ခါတော့ ရယ်ရပြန်သည်။

တရုတ်က ကောင်မလေးနဲ့ပက်သက်ပြီး ပြောလာမှ တရုတ်ရဲ့အရင် ပထမတစ်ယောက်တုန်းက ကိစ္စတွေ တန်းစီပြီး ခေါင်းထဲဝင်လာသည်။ ထိုစဉ်က တရုတ်မှာ မယ်မယ်ရရ တရားဝင် ရည်းစားမထားဖူးသေး။ မန္တလေးကို ညညပတ်ဖြစ်စဉ်တုန်းက ကြေးအိုးဆိုင်တွေမှာ လိုက်ထိုင်ဖြစ်ရင်း တစ်နေ့ကြေးအိုးဆိုင်တစ်ဆိုင်က ကောင်တာထိုင်တဲ့ ကောင်မလေးတစ်ယောက်ကိုတွေ့ပြီး သဘောကျတယ်ဆိုတာနဲ့ ထိုပထမ ဇာတ်လမ်းကြီးကို စဖြစ်ခဲ့ကြသည်။ ညတိုင်း ထိုကြေးအိုးဆိုင်မှာ ထိုင်ကာ ကောင်တာက ကောင်မလေးကို ငေးငေးကြည့်ရုံလောက်သာ လုပ်ဖြစ်ကြသည်။ ကောင်မလေးကလည်း အတော်ချော၊ လိုက်တဲ့သူကလည်းပေါသည်။ ဒီတော့ ကြေးအိုးဆိုင်ကို စီးပွားတက်အောင်လုပ်မလား၊ ထိုကောင်မလေးကို ရည်းစားဖြစ်အောင် လုပ်မလားဆိုပြီး တရုတ်ကို မရှိရှိတဲ့ သတ္တိတွေ ထုတ်ခိုင်းကာ ဇာတ်လမ်းကို ရှေ့ဆက်ရေးဖြစ်ခဲ့ကြသည်။

ထိုတုန်းကလည်း ဆေတန်ကိုယ်တိုင်ပဲ ၂၉လမ်း၊ လမ်း၈၀ ထောင့်နားက ဖန်စီဆိုင်ကလေးမှာ ပုံစံဆန်းဆန်းဖြစ်တဲ့ ရည်းစားစာရွက်ကလေးကို လိုက်ဝယ်ပေးပြီး ရည်းစားစာရေးပေးကာ တရုတ်ကို လိုက်ပေးခိုင်းခဲ့ရသည်။ ထိုညက ချီတုန်ချတုန်နဲ့ ရည်းစားစာ လိုက်ပေးဖြစ်တဲ့ တရုတ်ရဲ့ပုံစံလေးကို မှတ်မိသေးသည်။ ရည်းစားဖြစ်သွားတော့လည်း ကောင်းကောင်းမထိန်းသိမ်းနိုင် နောက်ဆုံးတော့ တရုတ် ကျန်ရစ်ဇာတ်မှာ မင်းသားဖြစ်ခဲ့ရသည်။ ခုလည်း မနက်စောစောစီးစီး လာပြီးဂျီကျနေပြီ။ သူ့ကိစ္စမပြီးရင် အာရုံဒီထက် ပိုပြီးနောက်လာနိုင်တာမို့ မြန်မြန်ပြန်ပြီး နားအေးဆေး ကျွေးလိုက်သည်။

"ဒါဆိုလည်း ညနေ အိမ်ကို စောစောလာခဲ့ကွာ...ဒါဘဲ"

တရုတ် ဂျီကျတာနဲ့ ဆက်ပြီးအိပ်လို့မရတော့။ တရုတ်ကို ဘယ်လိုကောင်မလေးမျိုး လိုက်ခိုင်းရမလဲ။ ခံစားချက်ထက် အလုပ်သဘော အရမ်းဆန်လွန်းနေသည်။ တရုတ်...တရုတ်ဆိုပြီး ဆေတန်တရုတ်အကြောင်းစဉ်းစားမိနေပြန်သည်။

တရုတ်နဲ့ ဆေတန်တို့ စတွေ့ပုံက ဆေတန် ပုံမှန်တွေ့နေကျ ပေါင်းသင်းမိသူတွေလို တိုက်ရိုက်ပက်သက်ပြီး ပေါင်းမိလာခြင်းမျိုးမဟုတ်။ ငယ်သူငယ်ချင်းတစ်ယောက်က ခေါ်လာပြီး မိတ်ဆက်ပေးရင်နဲ့က တစ်ဖြေးဖြေး ပေါင်းမိလာခြင်းမျိုးဖြစ်သည်။ ထိုစဉ်က တရုတ်က မန္တလေးမှာ ပေါင်းရသင်းရမဲ့ ရွယ်တူသူငယ်ချင်းမျိုး မရှိတာလည်းပါလိမ့်မည်။ အပေါင်းအသင်းမက်သော တရုတ်နဲ့ အပေါင်းအသင်း ခင်တွယ်သော ဆေတန်တို့ ပေါင်းမိနေခြင်းက သိပ်တော့မထူးဆန်းနိုင်ပါ။

ဆက်အိပ်လို့ မရမယ့် အတူတူ မနက်ခင်းမှာ ဆေတန်ကြိုက်တဲ့ မနက်စာလေးကို ရသေး၊ မရသေး သိရအောင် အောက်ထပ်ကို ဖုန်းလှမ်းဆက်ကာ လှမ်းမေးလိုက်သည်။

"မီးငယ် ထမင်းရည် သပ်သပ်ဖယ်ထားတာ ကျန်သေးလား"

"ဟုတ်ကဲ့ ကိုကြီး ရှိသေးတယ်။ ကိုကြီး သောက်မယ်ဆိုရင် ပြန်နွေးထားပေးလိုက်မယ်လေ"

"အေး အေး ခဏနေသောက်မယ်"

ဒီအိမ်မှာ အိမ်ကို မကြာခဏမျိုးသာ လာလေ့ရှိသော လူတစ်ယောက်က လွဲရင် ဆေတန်သာ ထိုထမင်းရည်ကို သောက်တတ်လေ့ရှိသည်။ သို့ပေမယ့် မီးငယ်က မနက်ခင်းတိုင်း သောက်ချင်လျှင် သောက်လို့ရအောင် သူက မနက်ပိုင်းလောက်ထိ သပ်သပ်ဖယ်ထားပေးကာ ထားလေ့ရှိသည်။ ဆေတန် တစ်ယောက် ရေမိုးချိုးပြီး ဆင်းလာတော့ အဖိုးနဲ့ အဖွား နဲ့ ကို ဧည့်ခန်းထဲတွင် တွေ့လိုက်ရသည်။

"အဖိုးနဲ့အဖွား မနက်စာ စားပြီးသွားကြပြီလား"

"ပြီးပါပြီကွယ်" အဖိုးက ပြုံးပြီးဖြေသည်။

"ဒီနေ့တော့ အဖွားက စကားတစ်ခွန်း စပြောရမဲ့နေ့ဖြစ်ပါတယ်။ အဖွား ဒီနေ့အတွက် ဘာပြောပြမှာလဲ"

"ငါ့မြေးကြီးကိုပြောပြဖို့ အဖွားမှာ နေ့တိုင်းနေ့တိုင်း စကားတစ်ခွန်း စဉ်းစားထားနေရတယ်။ မြေးကြီးကို ပြောဖို့များမရှိရင် အဖွားမှာ တာဝန်မကျေသလိုမျိုးကြီးဖြစ်လို့ တစ်ခုခုကို ရှာကြံဖတ်ထားနေရတယ်။"

"ဟား ဟား ဟား ဟား အဖွားကတော့ ဈေးဆစ်နေပြီ။ မရဘူးနော်အဖွား ကျွန်တော့်ကို ပြောပြရမယ်။ ကဲပြောပြပါ"

"ဝါဝါမြင်တိုင်း ရွှေမထင်နဲ့ ဖွတ်ထွက်မှ တောင်ပို့မှန်းသိလိမ့်မယ်"

"ဟိုက်ရှားပါး အဖွားဆီက စကားတွေက အမြဲလိုလို ကဗျာဆန်ပြီး လေးနက်မှုတွေရှိတယ်နော်။ အဖိုးရော စဉ်းစားပြီးပြီလား။ အဖိုးကတော့ရှိမှာပါ။ အဖိုးက နေ့တိုင်း စာအုပ်တွေဖတ်နေတာပဲ"

"မြေးကြီးအတွက်ပဲကွယ် ရှိတာပေါ့။ ဒီနေ့ လောကနီတိထဲက စာတစ်ကြောင်းကို မြေးကြီးကို ပြောပြမယ်"

"ဟုတ်ကဲ့ အဖိုး"

"အရပ်တိုင်းမှာ ပညာရှိ မရှိ"

"အဖိုးနဲ့အဖွား ကို ကျေးဇူးတင်ပါတယ်"

ဆေတန်ရဲ့ တစ်နေ့စာ သင်ခန်းစာတွေထဲမှာ အဖိုးနဲ့အဖွားရဲ့ သင်ခန်းစာတွေလည်းပါတယ်ဆိုတာ ဆေတန်ကောင်းကောင်းသိ၏။ လူငယ်တစ်ယောက်အနေနဲ့ အတတ်ပညာတင်မဟုတ်၊ အသိပညာရှိဖို့လည်း လိုအပ်သည်ဆိုတာကို ဆေတန်ယုံကြည်သည်။ အတတ်ပညာက သင်ယူလျှင် တက်မြောက်လွယ်သည်။ အသိပညာက သင်ပေးတိုင်းလည်း မတတ်မြောက်နိုင်တတ်။ ဆေတန်ကျင်လည်ရသော ပတ်ဝန်းကျင်မှာ အတတ်ပညာထက် အသိပညာ ပိုမိုခေါင်းပါးကြသည်။ ဒါကြောင့်လည်း သူ့ထက်ငါ မိုက်ဖို့ကြိုးစားနေကြသည်ဟုမြင်သည်။ ဒါဆို ဆေတန်ဆိုသော သူကရော......

ဆေတန် သူ့ကိုယ်သူ မေးခွန်းထပ်ထုတ်မနေတော့။ မနက်စာ ဗီတာမင်ပြည့် ထမင်းရည်ကို အကြော်နှင့် မြိန်ရေလျက်ရေ စားသောက်ပြီး နေ့စဉ် တက်သင့်သော ပညာတွေထဲက တစ်ခုမဟုတ်တစ်ခု သင်ယူရန် စာအုပ်တွေ ထည့်ထားသော လွယ်အိပ်ကိုလွယ်ကာ ထွက်လာခဲ့လေသည်။ ဒီနေ့တရုတ်ကိစ္စကိုလုပ်ဖို့ အချက်အလက်ကလေး ရယူရန် ရတနာပုံဈေး အပေါ်ထပ် က MCC ကွန်ပြူတာ သင်တန်းဆီကို ဦးတည်လာခဲ့ချေပြီ။ ဦးတည်ရာနေရာရောက်တော့ MCC ရဲ့ သင်တန်းစုံစမ်းရာနေရာလည်းဖြစ် GMရဲ့ ရုံခန်းလည်းဖြစ်တဲ့ အခန်းဆီကို တန်းလာခဲ့လိုက်သည်။

"Morning ထူးကို" ရုံးခန်းထဲမှ သင်တန်းစုံစမ်းရာနေရာမှာထိုင်နေသော ငယ်ငယ်က လှမ်းနှုတ်ဆက်လေသည်။ ပညာတတ်သော လူထုကြီးရဲ့အလေ့အကျင့်လား၊ ဘိုဆန်ချင်ကြသော သူတို့ရဲ့ အလေ့အထလားတော့ ဆေတန်သေသေချာချာမသိ။ သူတို့က နှုတ်ဆက်တိုင်း ဘိုလို နှုတ်ဆက်ကြသည်။ ဆေတန်လိုလူအတွက်တော့ ထိုအလေ့အထကို စိတ်ကခပ်ချဉ်ချဉ်ဖြစ်ပေမဲ့ ရေလိုက်ငါးလိုက် သဘောမျိုးဖြင့် ပြန်နှုတ်ဆက်လိုက်သည်။

"Morning ငယ်ငယ်"

"စောလှချည်လား ထူးကိုရဲ့ အတန်းစောစောရှိလို့လား" ငယ်ငယ်က စပ်စုသလို မေးပြန်သည်။

"မဟုတ်ပါဘူး ငယ်ငယ်ရာ ဒီနေ့စောစောနိုးလို့ ဒီဖက်ကို ထွက်လာလိုက်တာ" ငယ်ငယ်ရဲ့စကားကိုဖြေရင်း ရုံးခန်းထဲလှမ်းဝင်ကာ ငယ်ငယ်ဘေးက သင်တန်းစုံစမ်းရာ နေရာရဲ့ ထိုင်ခုံနောက်တစ်လုံးမှာ ဝင်ထိုင်လိုက်သည်။ MCC သင်တန်းဆိုသည်မှာ ထူးကိုအတွက်တော့ အိမ်လိုနေရာမျိုးကိုပင်ဖြစ်နေလေသည်။ ဝင်ချင်တိုင်းဝင်၊ ထွက်ချင်တိုင်းထွက်၊ ဗိုက်စာလျှင် ကြုံတဲ့ လူရဲ့ထမင်းချိုင့်ကို ဝင်စားဖြစ်လောက်အောင်ကို ခင်မင်ကြသူတွေဖြစ်သည်။ ခုလည်း သင်တန်းတက်တဲ့ သူတွေရဲ့ စာရင်းကိုဟိုလှန်ဒီလှန်လုပ်ရင်းနဲ့ ဆေတန်လိုချင်တဲ့ အချက်အလက်တွေကို လိုက်ရှာလိုက်သည်။ ဟော...တွေ့ပြီ ကောင်မလေးက ကွန်ပြူတာ အခြေခံသင်တန်းတက်နေတာ။ အချိန်တွေကို ကြည့်ပြီးမှတ်ထားလိုက်သည်။ ထိုစဉ် စာရင်းကိုင်အတန်းပြသူ ဆရာမ နွယ်နီမိုးရဲ့ လှမ်းအော်ပြောသံ အဝေးက ကြားလိုက်ရသည်။

"ထူးကို နင်ငါ့ဖိုင်တွေ ဖျောက်ပစ်လိုက်တာမို့လား....မနေ့ကဆရာမတွေကို မေးပြီးပြီ မနေ့က အဲ့ဒီစက်ခန်းထဲမှာ နင် ရှိနေတယ်တဲ့"

"ဟာ မနွယ်နီမိုးကတော့ လုပ်ပြီ။ ဘာတွေ ဖြစ်လာတာလဲ" ဆေတန်မသိသလို အတည်ပေါက်နဲ့ ပြန်ပြောလိုက်သည်။

"ထူးကို ငါ့ကို မစပါနဲ့ဟာ ငါ့ဖိုင်တွေကို သိတာဆိုလို့ နင်ပဲရှိတာ။ ပြီးတော့ အဲ့ဒီလို စက်တစ်လုံးက dataတွေကို တစ်ခြား စက်တစ်လုံးကနေ လှမ်းပြောင်းတတ်တာဆိုလို့ နင်ပဲရှိတာ ဖိုင်ရဲ့အတွင်းက data တွေကို နင်ဘယ်မှာ သွားဝှက်ထားလဲ"

"မနွယ်နီမိုးကလည်း သူ့ဘာသာသူလည်း ပျောက်တာတို့ တစ်ခြားတစ်ယောက်ယောက်က..." ဆေတန် စကားကို ဆုံးအောင်တောင် ပြန်မပြောရသေးခင် ဆရာမနွယ်နီမိုးက

"Networking တွေ၊ Hardware တွေကို ဒီဘက် Software ပိုင်းကဆရာမတွေ အဲ့ဒီလောက်မရဘူး။ ရတဲ့ Hardware ဘက်ကဆရာတွေကလည်း ငါ့ရဲ့အတွင်းက ဖိုင်တွေအကြောင်းမသိဘူး။ သိတာဆိုလို့ နင်ပဲရှိတာ။ နင်ငါ့ကို စချင်ရင်တစ်ခြားဟာ စပါဟာ ခဏနေ အတန်းစတော့မှာ မနေ့တုန်းက Hardware ဘက်က ဆရာကို အကူအညီတောင်းပြီး ရှာခိုင်းပြီးပြီ မတွေ့ဘူး"

"ဟူးးးးး မနွယ်နီမိုးတို့ကတော့ ဇွတ်ပဲ"

ဆရာမ နွယ်နီမိုး စွတ်စွဲမယ်ဆိုရင်လည်း စွတ်စွဲချင်စရာ ဆေတန်က သူမအား အမြဲတမ်း စသည်။ ပြီးတော့ ဆေတန်က MCC မှာ အတန်းပေါင်းစုံတက်ဖူးသူဖြစ်သည်။ ဆေတန်မတက်ဖူးတဲ့အတန်းတစ်ခုပဲရှိသည်။ ထိုအတန်းက Secretary သင်တန်းပင်ဖြစ်သည်။ ပညာရပ်တွေကလည်း သင်လို့ကို မကုန်နိုင်တော့။ ဘယ်အထိ ဘယ်ပညာတွေကို လိုက်သင်နေကြအုံးမလဲ။ တစ်နေ့တစ်နေ့ လူငယ် အများစု ပညာတွေ သင်ယူပြီး ကိုယ့်ကို ဘယ်သူခိုင်းလေမလဲလို့ စောင့်စောင့်ပြီး ကိုယ့်အရည်အချင်းတွေကိုလုကာယက်ကာ တစ်ပါးသူတွေဆီကို ရောင်းးစားနေကြတာတွေတွေ့တော့....

လူငယ်တွေမှာ အခြေခံ မတူတဲ့ ဘဝတွေ ကိုယ်စီ ရှိနိုင်ပေလိမ့်မည်။ ရည်ရွယ်ချက်၊ ခံယူချက်၊ ရည်မှန်းချက်၊ ဆန္ဒတွေ ခြားနားနေနိုင်သေးသည်။ ဆေတန်ကရော...."ဟက်" လို့အသံထွက်အောင် မချိပြုံးကို ခပ်ယဲ့ယဲ့ ပြုံးလို့ ဆိုင်ကယ်ကို အရှိန်မြင့်တင်လိုက်ပြီး အိမ်ပြန်ရာလမ်းဆီသို့။


**************************************

အိမ်မှာ နေ့လည်စာ စားသောက်လို့အပြီး အိမ်ဝင်းထဲကို "ဘရူးးးးး ဘရူးးးးးးး ဗြူးးးးးးး" ဆိုသော ခပ်အုပ်အုပ် ဆိုင်ကယ်သံတစ်ခု ဝင်ချလာသော အသံကြားလိုက်ရသည်။ ဆိုင်ကယ်သံက ခပ်အုပ်အုပ်ဖြစ်နေကတည်းက တစ်ခုခုတော့ တစ်ခုခုပဲလို့ တွေးမိလိုက်စဉ် အိမ်ထဲလှမ်းဝင်လာသော ဆူးကို တွေ့လိုက်ရသည်။ သူ့မျက်နှာက တစ်ခုခုကို ကျေနပ်နေသလိုလိုရှိနေသည်။ ပြီးတော့ ဆေတန်အား ဆူးက "အစ်ကို အိမ်အပြင်ကို ထွက်ကြည့်ပါအုံး ဘာကြီးလည်းဆိုတာ" ဆူးက ဆေတန်ကိုပြောလည်းပြော အိမ်အပြင်ဖက်ကို လည်းခေါ်ကာပြလေသည်။ အိမ်အပြင်မှာ ပြောင်လက်နေတဲ့ ယောင်္ကျားစီး ဆိုင်ကယ် အနက်ရောင် အနိမ့်စား ဆိုင်ကယ်တစ်စီးကို တွေ့လိုက်ရသည်။ ဆူးကတော့ ဆေတန်ကို ဆက်တိုက် ပြောပြနေလေသည်။

"အစ်ကို ဒါ Harley-Davidson အမျိုးအစားလေ။ မန္တလေးမှာ ဒါမျိုးဒီတစ်စီးပဲ ရှိသေးတယ်။ ကျွန်တော် မှာထားတာ ကြာပြီ ခုမှရလို့။ ဒီလိုမျိုး ပုံစံခပ်ဆင်ဆင် အမျိုးအစားမတူတာတွေတောင် မန္တလေးမှာ ၃၊ ၄ စီးလောက်ပဲ ရှိတယ်"

"မင်းခုစီးနေတဲ့ Yamaha ဆိုင်ကယ်ရော"

"ကျွန်တော် ရောင်းလိုက်ပြီ။ ဒီကောင်ကြီးကို ကျွန်တော့မှာ ရှိတဲ့ ပိုက်ဆံနဲ့ ထပ်ဖြည့်ပြီး ဝယ်လိုက်တာ"

"မင်းဒါဝယ်လိုက်တာ မင်းအိမ်ရော သိပြီးပြီလား။ ပြီးတော့ မင်းညညဒါကြီးနဲ့ သွားရတာ အဆင်ပြေပါ့မလား"

"အစ်ကို့ဆီကို အရင်လာပြတာ အိမ်က မသိသေးဘူး။ ညဖက်ကလည်းရပါတယ် ကျွန်တော့် တစ်စီးပဲ ဒီကောင်ကြီးနဲ့လိမ့်မယ်လေ။ ကျန်တဲ့ကောင်တွေရဲ့ ဘီးတွေက ခါတိုင်းလိုပဲ ဘာမှ မပြောင်းဘူး"

"အင်း ဒါဆိုလည်း မင်းကောင်ကြီးဘယ်လောက် ငြိမ့်လည်း ငါစမ်းစီးကြည့်ရသေးတာပေါ့"

ဆေတန်နဲ့ဆူး အစမ်းစီးထွက်ခဲ့ကြလေသည်။ သွားနေရင်း ဆီသိပ်မကျန်တာနဲ့ ဆီဝင်ထည့်ကြလေသည်။ ဆိုင်ကယ်က စီးရတာ အတော်အရသာရှိတယ်လို့ ဆိုရမည်။ ငြိမ့်လည်းငြိမ့်သလို၊ လူကြည့်လည်းအတော်ခံနေရသည်။ ဆေတန်က ငြိမ့်တာကိုသဘောကျပေမယ့် လူကြည့်ခံရတာကိုတော့ သဘောသိပ်မတွေ့လှ။ တစ်နေရာအရောက် ကောင်လေးတစ်ယောက် ဆိုင်ကယ်ပေါ်ကနေ ရိုရိုကျိုးကျိုး ခေါင်းကလေးငြိမ့်ကာ ပြုံးပြသွားသည်။

"ဆူး အဲ့ကောင် မင်းအသိလား"

"မဟုတ်ဘူး အစ်ကို။ ဟိုတစ်လောက မီးတောက်ဆိုတဲ့ဂိုဏ်းကိုထောင်ပြီး ဂိုဏ်းခေါင်းဆောင်လုပ်နေတဲ့ကောင်ပါ။ ဒါပေမယ့် ကျွန်တော်တို့ အောက်မှာပဲ ရှိတာပါ။"

အဟောင်းပြီးရင် အသစ်လာစမြဲဆိုတာတော့ သေချာသည်။ ဘယ်သူတွေဟောင်းသွားမလဲ။ လူငယ်တွေ ဘာ့အတွက် မိုက်ချင်၊ ဆိုးချင်ကြသလဲ။ လေးစားမှု၊ ဘာမှအရေးသိပ်မပါလှတဲ့ အာဏာလေးတစ်ခုအတွက်ဆိုရင်တော့.......

နေ့လည်နေသည် အနောက်ဖက်သို့ စောင်းသယောင်ရှိလာတော့ တရုတ်ကို အိမ်ဆီ ခုချက်ချင်း လာခဲ့ဖို့ ဖုန်းဆက်လိုက်သည်။ သိပ်မကြာလိုက် တရုတ်က သူ့ရဲ့ ရာမဟာ ဆိုင်ကယ်ကို စီးလို့ရောက်ချလာလေသည်။ ရောက်ရောက်ချင်း တရုတ် မျက်လုံးက ဆူးရဲ့ ဆိုင်ကယ်ဆီကို ရောက်နေသည်။ တရုတ်က ဆိုင်ကယ်ပေါ်ကနေ ဆင်းဆင်းခြင်း ဆေတန်ကို လှမ်းမေးလိုက်သည်။

"မင်းဝယ်ထားတာလား ဆေတန်"

"ဆူးဟာပါ"

"ဘယ်လိုလဲ တရုတ် မိုက်တယ်မို့လား" ဆူးက သူ့ဆိုင်ကယ်ကြီးကို သဘောခွေ့စွာကြည့်ရင်း မေးလိုက်သည်။

"အရမ်းမိုက်တယ်...ဒါကြီးနဲ့တာ စော်သွားရှိတ်လိုက်ရလို့ကတော့...တန်းကိုကြည်မှာပဲ" တရုတ်က သူ့ဟာသူ ဆိုက်ကယ်ကြီးပေါ်တက်ခွကြည့်ရင်း ပြောနေလေသည်။

ကောင်မလေးအများစုက ဆူပါကတ်စီးတဲ့ကောင်လေး နဲ့ ရာမဟာ စီးတဲ့ကောင်လေး ဆိုလျှင် ရာမဟာ စီးတဲ့ကောင်လေးကို ပိုပြီးရည်းစားလုပ်ချင်တတ်ကြသည်။ ဒါကြောင့်လည်း တရုတ်က ဒီဆိုင်ကယ်နဲ့ဆိုရင် ပိုပြီး စော်ကြည်နိုင်မည်ဟု တွေးလိုက်ပုံရသည်။ မိန်ကလေးတိုင်း ဥစ္စာမမက်တတ်ဘူးဆိုတာကိုတော့ တရုတ်တွေးထားသင့်သည်ဟု ဆေတန် စိတ်ထဲကနေပြောနေမိသည်။ ရုတ်တရက် တရုတ်ရဲ့ ကိစ္စကို သတိရပြီး ဆေတန် နာရီကို ကြည့်လိုက်တော့ ညနေ ၅နာရီထိုးတော့မည်။

"တရုတ် မင်း ကောင်မလေးကို သွားကြည့်ချင်စိတ်ရှိသေးလား"

"သွားကြည့်မှာပေါ့...ဒါပေမယ့်...မင်းလည်းလိုက်ခဲ့"

"ဟာ...ငါက ဘာလိုက်လုပ်ရမှာလဲ...မင်းဘာသာ မင်းစော်သွားကြောင်မဲ့ကိစ္စ"

"မင်းမလိုက်လို့မရဘူး...ငါတစ်ယောက်ထဲလည်း မသွားရဲဘူး.....ပြီးတော့ မင်းပြောတဲ့ ကောင်မလေးကို မမြင်ဖူးသေးဘူး"

"မင်းမြင်ဖူးစရာမလိုဘူး....ရတနာပုံဈေးအပေါ်ထပ်ကနေ ၅နာရီကျော်ကျော်လောက်ကျရင် ငွေရောင် ဆူပါကတ်ကလေး စီးပြီးဆင်းလာတဲ့ အသားညိုညိုနဲ့ ကောင်မလေးဆိုရင်သူပဲ"

"အဲ့ဒီလိုကြီးတော့ မလုပ်ပါနဲ့ကွာ....မင်းပါလိုက်ခဲ့တော့ ငါအားရှိတာပေါ့...နောက်ပြီး ငါ ဒီကောင်ကြီကိုလည်း စမ်းစီးကြည့်ချင်သေးတယ်"

တရုတ်က တစ်ခါတစ်ခါ ပြောရဆိုရတာ လက်ပေါက်ကပ်သည်။ ခုလည်း ဆိုင်ကယ်က ခုနတုန်းက ထည့်ခဲ့တဲ့ဆီ မသန့်လို့ စီးရတာ အဆင်မပြေဘူးဆိုတာလည်းမရ။ သူက အရမ်းကိုစီးကြည့်ချင်နေသည်။ ဒီလောက်မှ ဖြစ်လှ တရုတ် သူ့ထိုက်နဲ့သူကံ ရှိစေတော့ဆိုပြီး သဘောထားကာ တရုတ်မောင်းတဲ့ နောက်ကို လိုက်ချလာလိုက်သည်။ ရတနာပုံဈေးရှေ့ရောက်တော့ ၅နာရီထိုးနေပြီ။ ဒါဆို ကောင်မလေး အတန်းဆင်းလို့ အောက်ကို မကြာခင်လာတော့မည်။

သိပ်ကြာကြာမစောင့်လိုက်ရ ကောင်မလေး အတန်းပြီးလို့ သူ့ရဲ့ ငွေရောင် ဆိုင်ကယ်လေးစီးကာ ဈေးအပေါ်ထပ်က ဆင်းလာခဲ့လေသည်။ တရုတ်ကိုလည်း "အဲ့ဒီကောင်မလေးပဲ" သဘောကျရင်ဆက်လိုက် သဘောမကျရင် ပြန်မယ်ဆိုပြီး ပြောပြီး ပြလိုက်သည်။ တရုတ်ကလည်း "သဘောကျတယ်... လိုက်ကြမယ်ဆိုတာနဲ့" ကောင်မလေးနောက်ကို လိုက်ကြလေသည်။

၇၈လမ်းမပေါ်တွင် တရုတ်က ကောင်မလေးကို စကားလိုက်ပြောသည်။ ကောင်မလေးကလည်း မျက်စောင်းတွေကို ခဲပြီးရင်း ခဲကာ ပြလို့ တရုတ်ကို မေတ္တာရောင်ပြန်တွေ ဟပ်ပြကာ သူမရဲ့ ဆူပါကတ်လေးကို လစ်ဘာတင်ကာ မိုင်ကုန်မောင်းနိုင်သမျှ မောင်းနေရှာသည်။ သို့သော် ကောင်မလေးဆိုင်ကယ် အင်ဂျင်ပါဝါက ဆူးဆိုင်ကယ်နဲ့ ယှဉ်ရင် အတော်ကွာနေတာမို့ ဘယ်လိုပြေးပြေးမလွတ်။ ဒီကြားထဲ တရုတ်ကလည်း ကောင်မလေးနား ကပ်ကပ်ပြီး စကားကို ဝဲသဲ ဝဲသဲ ညှောင်နာနာ အသံဖြင့် ထပ်ခါထပ်ခါ လှမ်းပြောနေသည်။

"ဟေ့...ဆိုင်ကယ်ကို ဖြေးဖြေးမောင်းပါလား။ သူ့နာမည် ဘယ်လိုခေါ်လဲ....ကိုယ့်ကို စကားပြန်ပြောဦးလေ"

တစ်ကယ်တော့ တရုတ်က ဒီလိုကောင်မလေးတွေကို လိုက်ပြောဖူးသူ မဟုတ်။ ခုကျမှ ရည်းစားလိုချင်စိတ်နဲ့ ဇွတ်အားတင်းပြီး လိုက်ပြောနေပုံရသည်။ ထိုအချိန်တွင် ဆိုင်ကယ်က ဆီမလိုက်ပဲ အရှိန်ကျလာကာ ရပ်မလိုလိုဖြစ်လိုက် ပြန်သွားလိုက် ရပ်မလိုလိုဖြစ်လိုက် ပြန်သွားလိုက်ဖြစ်လာသည်။ ကျုံးဖက်ဝင်ဖို့ ကောင်မလေးက မီးပွိုင့်မိနေသဖြင့် ပြန်လိုက်လို့ မှီလာပြန်သည်။ ကောင်မလေးဘေးနားသွားပြီး တရုတ်က စကားတွေ ဆက်ပွားနေပြန်သည်။

"အဲ့လိုကြီး မျက်နှာကို ဆူပုတ်မထားနဲ့လေ"

တရုတ်ရဲ့ ပွားလက်စ စကားတောင်ကောင်းကောင်း မဆုံးချင်သေး မီးပွိုင့်က ပြန်စိမ်းသွားပြီမို့ ကောင်မလေးလည်း အနောက်က ကျားလိုက်လာသည့်ပမာ ဆိုင်ကယ်ကိုမောင်းနိုင်သမျှ အမြန်မောင်းကာ ကျုံးအတွင်းလိုင်းဖက်ကို ဝင်ချသွားသည်။ အနောက်က လိုက်သူသည် ကျားတော့ကျားပင် သို့သော် ကိုးတောင်ကျားတော့မဟုတ် ဒါကြောင့်မို့ ကောင်မလေးပိုပြီးများ ကြောက်လေသလား မပြောတတ်။

လမ်း၈၀၊ ၂၆လမ်း ကျုံးထောင့်တွင် မီးပွိုင့်မမိသဖြင့် ကောင်မလေးသည် အနောက်ဖက်ကို စိုးရိမ်တကြီးလှည့်ကြည့်ကာ ကျုံးအနောက်ဖက်ကို တန်းကာ မောင်းပြေးလေသည်။ တရုတ်ကလည်း ဒရကြမ်း အနောက်ကနေလိုက်ကာ ပြောလေသည်။ ကျုံးအနောက်ဖက်တွင် ကောင်မလေးက မှီလာမှာကြောက်လို့ထင်သည် နောက်သို့ လှည့်ကာ လှည့်ကာ ကြည့်လို့ လီဘာကုန်မောင်းပြေးနေသည်ကို တရုတ်က သူ့ကိုကြည့်နေသည်ဟု ထင်သည်လား မပြောတတ် အားတွေ ရှိသွားသည်ထင်၏။ စကားကို မတရားလိုက်ပြောလေတော့သည်။

"သူ အိမ်ပြန်နေတာလား။ ဘယ်မှာနေတာလဲဟင်။ သူဘယ်သင်တန်းတွေ တက်...တက်..."

တရုတ်စကားလိုက်ပြောနေတုန်း ဆိုင်ကယ်က ဆန့်ငင်ဆန့်ငင်နဲ့ စောနကလိုပင် ရပ်မလိုလိုဖြစ်လိုက် ပြန်ကောင်းလာလိုက် ဖြစ်သွားပြန်သည်။ စကားလိုက်ပြောနေရတာ အဆင်မပြေသော တရုတ်သည် ဆိုင်ကယ်ကို ဒေါသတွေ ဖြစ်လာသည်။ ဆေတန်က အနောက်ဖက်ကနေ တစ်ခွိခွိနဲ့ကို ရယ်လျက်လိုက်လာလေသည်။

ရှေ့ကပြေးနေသော ကောင်မလေးသည်လည်း ကျုံးမြောက်ဖက်ကို ချိုးကာဆက်မောင်းသွားလေသည်။ တရုတ်က ဇွဲမလျော့သေး ဆက်လိုက်သည်။ ကောင်မလေးကလည်း ဆိုင်ကယ်ကို ရှေ့ကနေ အသဲအသန် ဒုန်းဆိုင်းမောင်းကာ ပြေးနေလေတော့သည်။ မန္တလေးတောင်ရောက်ခါနီး မြောက်ပြင်ဖက်ထဲ ဝင်ချသွားသည်။ တရုတ်ကလည်း မိုးမဆုံး မြေမဆုံး လိုက်ဖို့ စိုင်းပြင်ထားပုံရသည်။ ဆက်လိုက်သည်။ နောက်တစ်ခါ စကားပြောဖို့ ကြံရုံကလေးရှိသေးသည်။ ဆိုင်ကယ်က ထပ်ဖောက်လာပြန်သည်။ တရုတ်လည်း ဆိုင်ကယ်ကို အပြစ်တွေတင် ရှေ့ကပြေးနေတဲ့ ကောင်မလေးကို မျက်ခြေမပြတ်အောင် လိုက်ကြည့်ပြီး နောက်ကနေ ဆက်တိုက် လိုက်နေလေသည်။ နောက်တော့ ကောင်မလေး ဘယ်လိုစဉ်းစားမိသွားသလဲ မသိတော့ ဘုန်းကြီးကျောင်းဝင်းထဲ ဝင်ပြေးသည်။ တရုတ်တို့ကလည်း သေခါမှ ဇွဲလျော့မည့်ပုံပေါ်သည်။ ဘုန်းကြီးကျောင်းဝင်းထဲထိ လိုက်သည်။ ဘုန်းကြီးကျောင်းဝင်းကြီးထဲမှာ ကောင်မလေးက ရှေ့က ပတ်ပြေး နေပြီးတရုတ်က ဆိုင်ကယ်ကြီး တဗြူးးဗြူးးး နဲ့ကိုမောင်းကာ နောက်ကနေ လိုက်နေရှာသည်။ နောက်ဆုံး ကောင်မလေးလည်း မတတ်နိုင်တော့လို့ထင်သည် ဆိုင်ကယ်ကို ရပ်ကာ ဘုန်းကြီးကျောင်းပေါ်ကို ဝရုန်းသုန်းကားနဲ့ တက်ပြေးလေသည်။ ထိုကောင်မလေးနဲ့ တရုတ်အဖြစ်ကိုကြည့်ပြီး ဆေတန်က တစ်ဟားဟားနဲ့ကို ရယ်နေလေသည်။

"တရုတ်...မင်းလိုက်တဲ့ ကောင်မလေးက ဘုန်းကြီးတူမ ထင်တယ်ကွ" လို့ ဆေတန်က တရုတ်ကို ရယ်ကျဲကျဲနဲ့ စလိုက်သည်။ တရုတ်လည်း မစင်မှန်ထားတဲ့ရုပ်နဲ့ အားမတန်လို့ မာန်လျော့လိုက်ရပုံနှင့် နောက်သို့ပြန်လှည့်လာခဲ့သည်။ အပြန်တွင် ကျုံးအနောက်ဖက် ၈၃လမ်းပေါ်မှာ ဆိုင်ကယ်ထဲက မသန့်တဲ့ဆီတွေကို ပြန်ဖောက်ချပြီး ဆီအသစ်ပြန်ထည့်ကာ ၈၃လမ်းအတိုင်း မောင်းချလာလေသည်။ လမ်းပြောင်းပြန်ကြီးကို စီးကာ ကားတွေနဲ့ မျက်နှာချင်းဆိုင်တေ့လျက် မောင်းချလာစဉ် ညနေခင်းရဲ့ အလှပဒေသာလေးတွေ တန်းစီပြီး ကိုယ်ဟန်ပြနေသည့်အလား ကောင်မလေး ၃ယောက်ကို လမ်းပေါ်မှာ ဖြတ်ခနဲ တွေ့လိုက်ရသည်။ တရုတ်က "ဘာလုပ်မလဲ" ဆိုတဲ့ အထာနဲ့ မျက်နှာကို နောက်သို့လှည့်လာကာ မေးငေါ့ပြီး ဆေတန်ကိုမေးလိုက်သည်။ ဆေတန်ကလည်း နှစ်ခါပြန်လှည့်လာစရာမလိုအောင်ကို အဖြေပြန်ပေးလိုက်တဲ့ အနေနဲ့ ခေါင်းကို "လိုက်ကွာ" ဆိုတဲ့ အထာနဲ့ ပြန်လုပ်ပြကာပေးလိုက်သည်။ နှစ်ယောက်သား စည်းဝါးကိုက်တော့ ကောင်မလေးတွေ နေတဲ့နေရာကို ဖြေးဖြေးချင်းနောက်ကနေ လိုက်ကြည့်ကြသည်။ တဆက်ထဲ ကောင်မလေးတွေရဲ့ သတင်းတွေကိုပါ စုံစမ်းပြီး ပြန်ချလာခဲ့လေသည်။

**************************************

ကောင်မလေးတွေက ပေါ်ပြူလာလေးတွေ ဖြစ်ပုံရသည်။ ကားနဲ့တစ်မျိုး၊ ဆိုင်ကယ်နဲ့တစ်ဖုံ အမျိုးမျိုးလာပြီး ဘဲတွေက ပိုးပမ်းနေတာတွေကို တွေ့လိုက်ရသည်။ ဆေတန်တို့က အပျော်သက်သက်၊ ခင်ရရုံလောက်ပဲ ပေါင်းဖို့စိတ်ကူးလိုက်သည်။ ကောင်မလေးတွေက သုံးယောက်။ အကြီးမ၊ အလတ်မ၊ အငယ်မ။ ဒါဆို သူတို့လည်း ဆေတန်၊ တရုတ်၊ ဆူး ဆိုပြီး သုံးယောက်လုပ်ရတော့မည်။ တစ်ခါတစ်လေ ခန့်မှန်းမထားမှုတွေမှာ ပါလာတတ်သော စာရင်းဇယား ရှင်းတမ်းကလေးတွေ ရှိတတ်သည် ဆိုတာကတော့...

ဆက်ရန်

ရှေးစာဆို
တိတ်ဆိတ်တဲ့ အမှောင်ယံညထဲ
ကြယ်တွေကို ရေတွက်ရင်း
အထီးကျန်ဘဝကို နာကျည်းမိတယ်။

ထားခဲ့သူ မဖြစ်ချင်သလို
ကျန်ရစ်ခဲ့သူလည်း မဖြစ်ချင်တဲ့
ရွေးချယ်စရာ မရှိတဲ့ဘဝမှာ
နောက်ဆုံးတော့
ထိန်းချုပ်ခြင်းတွေက
ကြေကွဲခြင်းနဲ့ အဆုံးသတ်ရတော့တယ်။

မျှော်လင့်ခြင်းတွေ
စိတ်ကူးယဉ် အိပ်မက်တွေနဲ့
မရင်းနှီးချင်တဲ့ ဘဝမှာ
နောက်ဆုံးတော့
ဒီအရာတွေက
အရင်းနှီးဆုံး အဖော်ဖြစ်ခဲ့တော့တယ်။

ထိန်းချုပ်ရလွန်းတဲ့စိတ်ကို
လွှတ်ချလိုက်တာနဲ့
ပါးပြင်ပေါ်က ပူနွေးစွတ်စိုမှုတွေကို
မထားစီးနိုင်ခဲ့ပြန်ဘူး။

အချစ်ဆိုတာ...
ချိုမြိန်တယ်တဲ့လား...
မျက်စိကိုစုံမှိတ်
နားတွေကို ပိတ်ထားရင်း
ခါးသီးစရာကောင်းတဲ့ အချစ်ကိုဘဲ
ထပ်ခါ...
ထပ်ခါ...တမ်းတနေမိတော့တယ်။ ။


နွေ
[အပျိုစင် မဂ္ဂဇင်း၊ အမှတ်(၈)၊ သြဂုတ်လ၊ ၁၉၉၉]
["စိန်ပန်းပြာရဲ့မျှော်လင့်ချက်" ကဗျာစာအုပ်မှ]
လူငယ်တစ်ယောက်ရဲ့ အိပ်မက်မှာ ပန်းတွေပွင့်ဖို့ ဘယ်တန်ခိုးရှင်ကမှ မဖန်တီးပေးခဲ့ဘူး။ အိပ်မက်ရဲ့ ကောက်ကြောင်းကို ခြေရာအထပ်ထပ်ခံကြည့်တော့ အမှားတွေ သီးနေလိုက်တာ ပြွတ်လို့။ ဘယ်သူခူးခြွေလို့ စားသုံးမလဲ။ လူငယ်တစ်ယောက်ရဲ့ တန်ဖိုးက သူပျိုးခဲ့တဲ့ ပန်း ဘယ်လောက်မွှေးသလဲ၊ ဘယ်လောက် ပွင့်လန်းနိုင်သလဲ၊ ဘယ်လောက် လှသလဲ တဲ့လား။ မနက်ဖြန် ရှေ့ဆက်ဖို့ နေမဝင်ခင် ကိုယ့်အဆိပ်သီး ကိုယ်ခြွေကာ မြေသြဇာ အဖြစ်ပြောင်းလိုက်တယ်။


******************************************************

မိုဟွမ်နဲ့တွေ့ပြီး မကြာခင်ထိ တော်တော်နဲ့ မတွေ့ဖြစ်ခဲ့ကြပြန်။ တစ်နေ့က မိုဟွမ် ဖုန်းဆက်လာပြီး သူ မန္တလေး မဟာမြတ်မုနိဘုရားကြီး သွားဖူးချင်တယ် ဆိုပြီး ပူဆာပြန်သည်။ နောက်ဆုံးတော့ ထုံးစံအတိုင်း လိုက်ပို့ဖို့ သဘောတူလိုက်ရပြန်သည်။ ဒီလိုနဲ့ မနက်စောစော ကားကို ကိုယ်တိုင်မောင်းကာ ထွက်ချလာလိုက်သည်။ သူ့အိမ်ရှေ့ရောက်တော့ မရွှေချောက အဆင်သင့်ကို ပြင်ကာစောင့်နေသည်။ ထို့နောက် ကားပေါ်ချက်ချင်း မတက်သေးပဲ အိမ်ရှေ့ ထိုင်ခုံပေါ်မှာ အထိုင်မပျက်ပဲ ရှိနေတဲ့ မိုဟွမ်ကို ကြည့်ပြီး ထူးကိုက

"မိုဟွမ် တက်လေ သွားမယ်"

"ဟင့်အင်း...နေအုံး မသွားသေးဘူး။ နင်ကားပေါ်က အရင်ဆင်းခဲ့အုံး"

"ဘာလဲဟာ။ နင်ဟာလေတော်တော်လေးကို အရစ်ရှည်တယ်။ သွားစရာရှိတာကို သွားမှာမဟုတ်ဘူး" ထူးကို ပါးစပ်ကလည်း စိတ်မရှည်စွာပြောရင်း လူကလည်း ကားပေါ်က ဆင်းလာလိုက်သည်။ ကားပေါ်မှ ဆင်းချလာသော ထူးကို ကို မိုဟွမ်သည် စေ့စေ့ကြည့်ပြီး

"ထူးကို နင့်ကို ဒီလိုအဖြူရောင် လည်ကတုံး အင်္ကျီလက်ရှည်လေးရယ်၊ ဆိတ်ခွံပုဆိုးအပြာကွက်စိတ်လေးရယ်၊ နက်ပြာရောင် ကတ္တီပါ ဖိနပ်ကလေးရယ်နဲ့တွေ့ရတော့ အရမ်း ကြည့်လို့ကောင်းပြီး သိပ်ကျက်သရေ ရှိတာပဲ သိလား"

မိုဟွမ် အဲ့ဒီလို စေ့စေ့စပ်စပ်ကြည့်နေပြီး ပြောနေတော့ ထူးကို မနေတတ်တော့။ ရှိုးတိုးရှန်းတမ်း ဖြစ်လာကာ

"ငါဝတ်ချင်လို့ ဝတ်လာတာ မဟုတ်ဘူး။ ဘုရားသွားမှာမို့လို့။ ကားတောင်ယူချင်လို့ ယူလာတာ မဟုတ်ဘူး။ ဆိုင်ကယ်စီးရင် ပုဆိုးကြီးနဲ့ဆို အဆင်မပြေလို့။ မဟုတ်ရင် ငါဆိုင်ကယ်နဲ့ပဲ လာမှာ"

"အေးပါဟယ် ရှက်မနေပါနဲ့ ငါက အကောင်းပြောတာပါ လာ သွားစို့"

နံနက်ခင်းရဲ့ အေးချမ်းတိတ်ဆိတ်ခြင်းများနဲ့အတူ မန္တလေး မဟာမြတ်မုနိဘုရားကြီးဆီသို့ မိုဟွမ်ကို ခေါ်ကာ ထွက်လာခဲ့လေသည်။ ကားပေါ်တွင် မိုဟွမ်ရော၊ ထူးကိုပါ ဘာစကားတစ်ခွန်းမှ မပြောဖြစ်ကြ။ ထို့နောက် တိတ်ဆိတ်ခြင်းများကို စတင်ပြီး ဖယ်ရှားလိုက်သူမှာ မိုဟွမ်ပင်ဖြစ်သည်။

"ထူးကို နင် ဒီနေ့ဘာနေ့လည်းဆိုတာ သိလား"

"စနေနေ့လေ ဘာဖြစ်လို့လည်း"

"ဟာ နင်ကလည်း ငါအကောင်းမေးနေတာကို"

"အေးလေ ငါလည်းအကောင်းဖြေနေတာပဲ"

"နင်ဟာလေ တော်တော်လေးကို နမော်နမဲ့နိုင်တယ်။ ဘာကိုမှကို ဂရုတစိုက်မရှိဘူး။ မှတ်ထား ဒီနေ့က စနေနေ့။ နင့်ရဲ့ မွေးနေ့၊ မွေးလ ထပ်တဲ့ နင့်ရဲ့ ၂၁နှစ်ပြည့်မွေးနေ့"

မိုဟွမ် ဂရုဏသံတွေနဲ့ အားမလို အားမရဖြစ်စွာ ပြောချလိုက်သည်။ တစ်ကယ်တော့ ဒီနေ့ ထူးကိုမွေးနေ့ဆိုတာကို ထူးကို မမေ့ပါ။ မိုဟွမ် ဖုန်းဆက်လာကတည်းက အကြောင်းတစ်ခုခုရှိနိုင်မယ်ဆိုတာသိလို့ စဉ်းစားကြည့်လိုက်ကတည်းက သူ့မွေးနေ့ကို အမှတ်ရနေခဲ့သည်။ ဒါကြောင့်လည်း သူဒီနေ့ ခါတိုင်းလို မဝတ်ဆင်ပဲ ခုလိုပုံစံ ဝတ်ဆင်ခဲ့ခြင်းဖြစ်သည်။ ခုလည်း မိုဟွမ်ကို စချင်တာနဲ့ သူဘာကိုရည်စူးပြီး မေးတယ်ဆိုတာ သိပေမယ့် မသိသလိုလုပ်ကာ သူလိုချင်တဲ့ အဖြေကို မပေးပဲ တစ်ခြားအဖြေကို ဖြေလိုက်ခြင်းဖြစ်သည်။ ခုလို မိုဟွမ် ဘဝင်မကျ ဖြစ်နေတဲ့ပုံစံလေးက တစ်မျိုးကြည့်လို့ကောင်းနေပြန်သည်။

"ကဲ...မယ်မင်းကြီးမ အဲ့ဒီလို ပုံစံကြီးတော့ မနေပါနဲ့။ နင့်မျက်နှာလေး ညိုးနွမ်းနေရင် ဒီလောကကြီးရဲ့ နံနက်ခင်းလေးလည်း လန်းဆန်းနိုင်မှာမဟုတ်တော့ဘူး။ ခုနက နင့်ကို တမင်သက်သက် စလိုက်တာ ဟုတ်ပြီလား"

"နင်နော်...ဟွန်း....နင့်မွေးနေ့မို့လို့"

စကားတွေ ပြောလာရင်း မဟာမြတ်မုနိ ဘုရားနယ်နမိတ်ထဲက ကားအပ်တဲ့နေရာကို ရောက်လာခဲ့လေသည်။ မိုးဖွဲဖွဲလေးလည်း စလို့ကျလာခဲ့သည်။ ဖိနပ်တွေကို ကားပေါ်မှာပဲ ထားခဲ့ကြကာ လိုရမယ်ရ ဆောင်းရန် ဆောင်ထားလေ့ရှိသော ကားထဲမှ ထီးကို ထုတ်ကာ မိုဟွမ်နဲ့အတူ နှစ်ယောက်သား ဘုရားရင်ပြင်ဖြတ်ကာ လျှောက်လာခဲ့ကြလေသည်။ နှစ်ယောက် အတူတူ ထီးတစ်ချောင်းထဲအောက်မှာ ခုလို နီးနီးကပ်ကပ် လမ်းအတူတူလျှောက်ကာ ထီးမဆောင်းဖူးတော့ ထူးကိုရော၊ မိုဟွမ်ရော တစ်မျိုးဖြစ်နေကြပေမယ့် ဘာတစ်ခုမှ ထုတ်မပြောဖြစ်ကြပဲ ဘုရားကြီးစောင်းတန်းတွေဆီကို ဦးတည်ကာ လမ်းဆက်လျှောက်ဖြစ်ကြသည်။
ဘုရားကြီး ရှေ့ရောက်တော့ ဝယ်လာတဲ့ ပန်းတွေ၊ ဆီမီး အမွှေးတိုင်တွေကပ်ပြီး ထူးကိုသည် ပုတီးစိပ်ရန် ပုတီးတွေ ချိတ်ထားတဲ့ နေရာဆီကိုသွားမယ်အလုပ် မိုဟွမ်က

"ထူးကို သွားမယူနဲ့တော့ ငါနင့်အတွက် ပုတီးယူလာပေးတယ်။ ရော့..."

မိုဟွမ်ကမ်းပေးလာတဲ့ ပုတီးလေးကို ယူရင်း ပြုံးရုံကလေး ပြုံးပြလိုက်ပြီး ဘုရားကို အာရုံပြုကာ သက်စေ့ ပုတီး စိပ်နေလိုက်တော့သည်။ အချိန်တွေဘယ်လောက် ကြာသွားလည်း သေချာမသိလိုက် ပုတီးစိပ် ဘုရားရှိခိုးပြီးလို့ထကာ နောက်လှည့်လိုက်တော့ သူ့ကို ပြုံးပြီး ကြည့်နေတဲ့ မိုဟွမ်ကို တွေ့လိုက်ရသည်။

"ဘာကြည့်နေတာလည်း"

"ဟင့်အင်း...ဘာမှ မကြည့်ပါဘူး" မိုဟွမ်က သူ့အဖြေသူ တစ်ယောက်ထဲ ပြန်သဘောကျပြီး ထပ်ပြုံးကာ ထူးကို လက်ထဲကို ရွှေဆိုင်းတွေ ထည့်ပေးလိုက်သည်။

"နင့်အတွက် ၁၁မီးငြိမ်းအောင်လို့ ရွှေဆိုင်း ၁၁ခု ငါသွားဝယ်ထားတာ အဲ့ဒါ နင်ဘုရားကို အာရုံပြုပြီး ကောင်းကောင်း သွားကပ်လိုက်"

မဟာမြတ်မုနိ ဘုရားကြီးမှာ ရွှေဆိုင်းတွေ ကပ်လှူပြီးတော့ မိုဟွမ်က လိပ်တွေ၊ ငါးတွေ ရှိရာ ကန်ဆီသို့သွားပြီး အစာကျွေး၊ ငါးလွတ်ဖို့ ပြောလာတာနဲ့ ထိုဖက်ကို အတူတူ လျှောက်ထွက်လာခဲ့သည်။

"ထူးကို နင်က ၂၁နှစ်ပြည့်တာဆိုတော့ ငါး ၂၁ကောင် လွတ်ဟာ"

"အေး ကောင်းသားပဲ လွှတ်မဲ့အကောင်တွေကို နင်ရွေးလိုက်လေ"

ငါးတွေ လွှတ်ပြီးတော့ အစာကျွေးဖို့ အစာတွေ သွားဝယ်ဖြစ်သည်။ မိုးကလည်း မစိုစရုံကလေးကို ရွာလို့နေဆဲပင်။ လိပ်ကန်ရှေ့တွင် နှစ်ယောက်အတူတူ ထီးလေးအောက်မှာရပ်ရင်း ထူးကိုက

"မိုဟွမ်၊ ငါတို့ ၁၀တန်းတုန်းက ကျောင်းတွေ မပိတ်ခင် ကျောင်းခန်းထဲမှာလေ တစ်ယောက်ရဲ့ အော်တို စာအုပ်ထဲ တစ်ယောက်က စာတွေရေးပေး၊ ၁၀တန်း စာမေးပွဲကြီးအောင်ဖို့အတွက်၊ ဘဝမှာ အောင်မြင်ဖို့ အတွက် ဆုတွေတောင်းပေးကြတာတို့၊ ကဗျာစပ်ပြီး ရေးပေးတာတို့ လုပ်ဖြစ်ကြတုန်းက အဖြစ်အပျက်တွေကို နင်မှတ်မိသေးလား"

"အင်းလေ မှတ်မိတာပေါ့ အဲ့ဒီတုန်းက နင်ကတောင် ငါ့အတွက် ကဗျာတစ်ပုဒ်ရေးပေးခဲ့သေးတယ်လေ"

"အေးနင်ကတော့ ဖားကြီး အော်တိုစာအုပ်ရဲ့ လိပ်စာဆိုတဲ့နေရာမှာ ကန်စွန်းရွက်နဲ့ ပေါက်ပေါက်ဆုပ် ဆိုပြီးရေးထည့်လိုက်တာ မှတ်မိသေးတယ်"

"ငါက အဲ့ကောင်ကို ကြည့်လို့ရတာ မဟုတ်ဖူးဟဲ့ အဲ့ဒါကြောင့် ရေးထည့်လိုက်တာပါ။ ခုငါတို့ ကျွေးနေတဲ့ တစ်ကယ့် လိပ်တို့ ငါးတို့ရဲ့ အစာတွေကို နင်တွေ့လို့သတိရသွားတာလား"

"ဆိုပါတော့"

"ဒါပြီးရင် ငါတို့ဘယ်သွားမလဲ ထူးကို"

"မနက်စာ သွားစားမယ်လေ။ ငါမွေးနေ့မှာ သက်သက်လွတ်စားမှာဆိုတော့ သက်သက်လွတ် ခေါက်ဆွဲရတဲ့ ဆေးကျောင်းအနောက်ဖက် ၇၄လမ်းပေါ်က ဆိုင်မှာသွားစားမယ်။ နင့်အတွက် အဆင်ပြေနိုင်ပါ့မလား"

"ပြေပါတယ် ငါလည်း နင်နဲ့အတူတူ ဒီနေ့ သက်သက်လွတ် လိုက်စားပေးမယ်"

လိပ်တွေ ငါးတွေ အစာကျွေးပြီးနောက် တစ်ဖွဲဖွဲသည်းနေတဲ့ မိုးဖွဲလေးအောက်မှာ ထီးကလေးဆောင်းလို့ နှစ်ယောက်အတူတူ ကားရှိရာဆီသို့ ပြန်ထွက်လာခဲ့ကြသည်။

မနက်ခင်းချိန်လေးတွင်ပင် တရုတ်ကျောင်း ခေါက်ဆွဲဆိုင်လေးမှာ လာစားသူ အနည်းငယ်ကျနေသည်။ မိုဟွမ်ကို ကြည့်ရတာ ဒီဆိုင်ကို တစ်ခါမှ ရောက်ဖူးပုံမပေါ်။ ဟိုဟိုဒီဒီ ဆိုင်တွင်းတစ်လျှောက် ငေးကြည့်လို့နေသည်။ သက်သက်လွတ် ခေါက်ဆွဲ ၂ပွဲပေးရန် ဆိုင်ရှင် အဒေါ်ကြီးကို လှမ်းမှာလိုက်သည်။ ခဏကြာတော့ အငွ့တစ်ထောင်းထောင်းနဲ့ ခေါက်ဆွဲ ၂ပွဲ ရောက်ချလာသည်။ မိုဟွမ်က ခေါက်ဆွဲပွဲကို ကြည့်ပြီး


"ဟဲ့ ထူးကို ငါတို့ မှာလိုက်တာ သက်သက်လွတ် ခေါက်ဆွဲလေ ဟုတ်တယ်မလား"

"အင်းလေ ဘာဖြစ်လို့လဲ"

"ဒီမှာ အသားတုံးတွေ ပါလာလို့ သူတို့မှားပြီးလာချပေးတာလား မသိဘူး"

"သြော်...အဲ့ဒါ အသားတုတွေပါ။ အသားတုံးအစစ်တွေ မဟုတ်ဘူး။ စိတ်ချလက်ချစား ဒီဆိုင်က သက်သက်လွတ် တရုတ်ဘုရားကျောင်းဆိုင်ဟ"

နံနက်စာ စားပြီးနောက် မိုဟွမ်ရဲ့ဆန္ဒတွေကို ထပ်ဖြည့်စီးပေးဖို့ ဦးပိန်တံတားရှိရာ ဆီကို ကားကလေး မောင်းနှင်လို့လာခဲ့ဖြစ်ချေပြီ။ မိုးပျောက်လို့ အရှေ့စက်ဝန်းဆီက နေခြည်တစ်စင်းတစ်ဖြည်းဖြည်းခြင်း ပျို့အန်ချလာလေသည်။ ကမ္ဘာကြီးရဲ့ နှိုးထလာမှုကတော့ အရင်နေ့တွေလိုပါပဲ ဒါပေမယ့် မတူညီခဲ့ဘူး ဒါကို ထူးကိုရော၊ မိုဟွမ်ပါ သတိပြုချင်မှ ပြုမိပေကြလိမ့်မည်။ ရေတက်ချိန်မို့ ဦးပိန်တံတားအောက် တောင်သမန်အင်းထဲမှာ ရေတွေ အပြည့်အလျှံစီးဆင်းနေလေသည်။ ကားကို ကုန်းပေါ်မှာ ရပ်ခဲ့ပြီး နှစ်ယောက်အတူတူ တံတားပေါ်ကို တက်လျှောက်လာခဲ့ကြသည်။ လေပြင်းပြင်းတွေက တစ်ဟူးဟူး တိုက်ခတ်နေလေသည်။ တစ်ချက်တစ်ချက် မိုဟွမ်ရဲ့ ဆံနွယ်စတွေက လေထဲကို ပျံဝဲတက်နေပြီး ထူးကိုမျက်နှာပေါ်ကို တစ်ရှပ်ရှပ် ဖြတ်ကာပြေးလျက် ကျီဇယ်နေသယောင်ယောင်။ မိုဟွမ်ကလည်း သူ့ရဲ့ဆံနွယ်စတွေကို လက်ကလေးတစ်ဖက်နဲ့ သူ့ရဲ့နားနောက်ဖက်ကို သပ်ယူရင်း

"နင် ငါ့ဆီက ဘာဖြစ်လို့ မွေးနေ့လက်ဆောင် မတောင်းတာလည်း ထူးကို"

အမှတ်တရရှိစေဖို့ မဟုတ်ပေမယ့် အမှတ်တမဲ့တိုင်းက အမှတ်တရ ရှိနေစေခဲ့တာ ဘာကြောင့်လဲလို့ ကိုယ့်ကိုကိုယ် မေးခွန်း မထုတ်ဝံ့။ နံနက်ခင်း သံစဉ်တွေ လှပအောင် ချယ်မှုန်းထားတဲ့ အတတ်ကို ဘယ်လောက ပန်းချီဆရာက အသက်သွင်းခဲ့ပါလိမ့်။ လိုအင်နဲ့ လိုအပ်မှုတွေ ကွဲကွဲပြားပြား မခွဲခြားနားရဲသေးတဲ့ ထူးကိုရဲ့ စိတ်ကို လှည့်စားမှုတွေနဲ့အတူ ရှေ့ဆက် သွားခဲ့နှင့်ပြီ။

"ခုနတုန်းကနင့်ကိုပေးတဲ့ ပုတီးက မိုင်းဖုန်းဆရာတော် ငါတို့အိမ်ကို ကြွလာတုန်းက နင့်အတွက်ဆိုပြီး ဆရာတော်ဆီက တောင်းထားတာ။ နင်သေချာ သိမ်းထားပြီး နောက်ခါတွေ ပုတီးစိပ်ဖြစ်ရင် အဲ့ဒီပုတီးနဲ့ပဲ စိပ်နော်"

"အေးပါ"

"ဒီနေ့ နင့်မွေးနေ့မှာ ငါ နင်နဲ့အတူရှိပေးနေခဲ့တာဟာ နင့်အတွက် ငါ့ရဲ့မွေးနေ့လက်ဆောင်လို့ သဘောထားပေးပါ"

ဘာတွေရယ် ဘာတွေကြောင့် ဘာတွေဖြစ်တယ်ဆိုတာမျိုး ဝေဖန်ပိုင်းခြားဖို့အသိ ပျောက်ကွယ်သွားပါရစေ။ ဒီဒင်္တဂမှာ သာမညအဖြစ်တွေနဲ့ ရင်တွင်းအက္ခရာ မည်တွင်ပါရစေ။ အခါလည်ဘဝ တစ်စိတ်တစ်ဒေသမှာ ပျော်ရွှင်မှုတစ်ပိုင်းတစ်စအတွက် ထူးကို မိုဟွမ်ဖက်ကို လှည့်ပြီးပြောလိုက်သည်။

"တစ်ကယ်ကို ကျေးဇူးပါ မိုဟွမ်"


******************************************************

မန္တလေးနေသည် နေ့ဖက်တွင် အတော်ပြင်းသမို့ တော်ရုံကိစ္စမရှိလျှင် အပြင်ထွက်လေ့သိပ်မရှိကြ။ တော်တော်များများ ညနေ နေကျမှသာ ထွက်ဖို့ပြင်ဆင်ကြလေသည်။ အသက်၂၁နှစ်ပြည့်ခြင်းသည် တစ်ချို့လူတွေ ဘဝအတွက် ထူးထူးခြားခြား ပြောင်းလဲမှုတွေ ရှိကောင်းရှိနိုင်ပေလိမ့်မည်။ ထိုလူတစ်ချို့ထဲတွင် ထူးကိုပါနိုင်ဦးမည် မထင်။ ညတွေရဲ့ မြို့ပတ်ခြင်းအစီအစဉ်များကို ဆူးကိုသာ ဦးဆောင်ပြီး လုပ်နေစေလိုက်သည်။ ထူးကို ထိုအလုပ်များကို သိပ်ပြီးမပါဝင်ဖြစ်။ ဒီညလည်း တစ်ယောက်ထဲ အေးအေးဆေးဆေးနေဖို့ အိမ်တွင်သာ နေဖို့ဆုံးဖြတ်လိုက်သည်။ သို့သော် ခြေမှာဗွေမပါခဲ့ရင်တောင် ဗွေပါသူများနဲ့ ပေါင်းသင်းမိမှတော့ စိတ်ကူးတိုင်း မဖြစ်နိုင်ပြန်။ ည၉နာရီ ပတ်ဝန်းကျင်လောက် အိမ်ရှေ့ကို ဆိုင်ကယ်တစ်စီးရောက်လာလေသည်။ ဆိုင်ကယ် ဟွန်းကို တတီတီ တီးကာ နောင်ရိုးရဲ့ အော်ခေါ်သံကြားလိုက်မိသည်။

"ထူးကိုရေ...ထူးကို"

"အေး လာပြီ....မင်းတို့က ဘယ်လိုဖြစ်ပြီး ညကြီးကျမှ ရောက်လာတာလဲ"

"ငါတို့နဲ့ လိုက်ခဲ့စမ်းပါကွာ ရှပ်ကီ သွားဖြဲမလို့" ဖားကြီးက နောက်က ဝင်ပြောသည်။ သူတို့က ဒီလိုအမြဲကြည့်ပင်။ တစ်ခုတစ်ခု သွားသောက်တော့မယ်ဆိုလျှင်ဖြစ်ဖြစ်၊ ဆိုင်တွေမှာ မှောက်နေပြီပဲ ဖြစ်ဖြစ် ထူးကိုဆီကို ရောက်လာရင်လာ၊ မလာရင် ဖုန်းဆက်ကာ သူတို့ကို လာခေါ်ဖို့ အကူအညီတောင်းလေ့ရှိသည်။ ထိုကိစ္စကို စိတ်ပျက်ပျက်နဲ့တွေးမှ အရင်အပတ်က မောင်ကောင်းတို့ ကိစ္စကို ခေါင်းထဲအလိုလို ဝင်ချလာသည်။ မောင်ကောင်းလည်း အရင်အပတ်က ည ၁၁ကျော်လောက်ကြီးဖုန်းဆက်လာသည်။ သူ့ကို ၇၈လမ်း ဖန်တက်စ်စီဝေါ (Fantasy World) ဂိမ်း စင်တာအပေါ်ထပ်က ဘီယာ ဆိုင်တွင် လာခေါ်ပေးဖို့ ဖုန်းဆက်လာခြင်းဖြစ်သည်။ ဆူးကို ခေါ်ပြီး ထိုနေရာကို သွားခဲ့လိုက်သည်။ ဟိုလည်းရောက်ရော မောင်ကောင်းရယ်၊ ဇော်ကြီးရယ် စားပွဲတစ်လုံးပေါ်တွင် ဘီယာပုလင်း အလုံး ၂၀ကျော်လောက်နဲ့တွေ့လိုက်ရသည်။

"ဟေ့ကောင် မောင်ကောင်း မင်းတို့ဘယ်နှစ်ယောက် သောက်လို့ ဒီလောက်အများကြီးမှာထားရတာလဲ"

"ငါတို့ နှစ်ယောက်ထဲပဲလေ" မောင်ကောင်းက အာလေးလျှာလေးသံကြီးဖြင့် ပြန်ဖြေပြီး "ရွှတ်..ရွှတ်...ဘီယာနောက်တစ်လုံး" စားပွဲထိုးကို လှမ်းမှာလိုက်သည်။ ထူးကို စားပွဲထိုးကို လက်ကာပြလိုက်သည်။ ထပ်မယူလာပေးနဲ့တော့ ဆိုတဲ့သဘော။

"ဒီကောင်နဲ့ငါနဲ့ ညနေကတည်းက ရောက်နေတာ။ သောက်လိုက် ပေါက်လိုက် အန်လိုက်နဲ့ကို လခွီးထဲမှပဲ ဘာတွေမှန်းကို မသိတော့ဘူး" ဇော်ကြီးက သိပ်မူးဟန်မရှိတော့ပဲ ပြောနေသည်။

"ဟေ့ စားပွဲထိုး ငါမှာထားတာ မလာသေးဘူးလားကွ" မောင်ကောင်း ပြသာနာရှာနေပြီ။ စားပွဲထိုးတွေလည်း တော်တော် တင်းနေပုံရသည်။ ဆိုင်ကနေ သူတို့ကို အမြန်ဆုံးခေါ်သွားဖို့ပြောနေပေပြီ။ တော်တော်လေး ပြသာနာရှာထားသည် ထင်သည်။ စားပွဲထိုးတော်တော်များများရဲ့ မျက်လုံးက မောင်ကောင်းတို့ဝိုင်းဆီပဲ ဂရုစိုက်ပြီး ကြည့်နေသည်။ တစ်ခုခုဖြစ်လျှင် ဝိုင်းဗြင်းကြတော့မယ့်ပုံ။ ထူးကိုလည်း ဆူးကို တစ်ခုခုဖြစ်ရင် ကိုယ့်ဖက်က ဦးအောင်ဆော်နိုင်ရန် အဆင်သင့်ပြင်ခိုင်းထားလိုက်သည်။ မောင်ကောင်းက အနားနားကပ်လာကာ ထူးကို ကိုပြောသည်။

"ထူးကို ငါ့အိပ်ထဲမှာ သိန်း၂၀ပါတယ်။ အခြေအနေ သိပ်မကောင်းလို့ မင်းကို ခေါ်လိုက်ရတာ။ တစ်ခုခုဖြစ်ရင် ဒီငွေယူပြီးလစ်" အရေးထဲ မောင်ကောင်းက ဥစ္စာခြောက်နေပြန်သည်။ သူကစီးပွားရေးလောကထဲ ဝင်ပြီးလုပ်ကိုင်နေသူဖြစ်သည်။ မူးသာမူးနေတာ လူကငွေတွေ ဆုံးမှာတော့ သိသေးသားလို့ မောင်ကောင်းအား ကျိန်ဆဲလိုက်သည်။ အားလုံးကို တောင်းပန်ပြီး ထိုသကောင့်သားတွေကို ခေါ်ထုတ်လာခဲ့သည်။ အဲ့ဒါကိုပဲ တစ်ခြားဆိုင်သွားမယ်၊ မင်းတို့ဆိုင်ဘယ်တော့မှ မလာတော့ဘူးတွေရော ဘာတွေရော မောင်ကောင်းပါးစပ်က စက်သေနတ်ပစ်နေသလို ထွက်နေသည်။

ဇော်ကြီးကို ဆူးနောက်တင်ခဲ့လိုက်ပြီး၊ မောင်ကောင်းကို ထူးကိုနောက်မှာ တင်ခဲ့လိုက်လေသည်။ ဇော်ကြီးတို့ မောင်ကောင်းတို့နဲ့ ငယ်ငယ်ကဆိုလျှင် စာတွေအပြိုင်အဆိုင်အော်ကာဆိုခဲ့ဖူးသော ကလေးဘဝမှသည် ခုချိန် ဘဝတွေထိ ပေါင်းလာခဲ့သလို အချိန်နှင့်အမျှ ဘဝတွေ တစ်ဖြေးဖြေးခြားလို့လာခဲ့လေသည်။ ၈တန်းတုန်းက အတန်းပိုင်ဆရာမ ပြောခဲ့ဖူးသလိုပင် မင်းတို့တွေရဲ့ ဘဝဟာ နောက် ၅နှစ်၊၁၀နှစ်ဆိုရင် သိသိသာသာ တစ်ယောက်နဲ့တစ်ယောက် ကွာခြားသွားကြလိမ့်မယ်။ မောင်ကောင်းနဲ့ဇော်ကြီးကို သူတို့နေတဲ့ မြို့သစ်အိမ်ဖက်ကို လိုက်ပို့ရင် မဆီမဆိုင်အကြောင်းတွေ ခေါင်းထဲရောက်လာတုန်း မောင်ကောင်းအနောက်ဖက်ကနေ အာလေးလျှာလေးသံကြီးဖြင့် ထဆိုပါတော့သည်။


"ငွေသော်တာ ရောင်ခြည်~~~~ထိန်လင်းတော့သည်~~ ဘုံကြိုးပြတ်တဲ့ မိုးနတ်မဒီ~~သဒ္ဒါကပိုသည်~~~~ ဆရာမကိုပဲ အသဲစွဲအောင် ချစ်မိသည်~~~~ထိန်ကြည် လရောင်သန်းတော့ အလွမ်းပိုပါသည်~~ ကျွန်တော့်ကို သတိရရင် ဖွင့်ပြောလိုက်ပါလား ဆရာမရယ်"

မူးမူးရူးရူးနဲ့ မောင်ကောင်းတစ်ယောက် အသံဗြဲကြီးဖြင့် ဆိုချင်ရာတွေဆိုနေတော့သည်။ "ဆရာမ.......ဆရာမ !!!" လမ်းမကြီးပေါ်မှာ ဆိုင်ကယ်စီးနေတုန်း ထအော်ပြန်သည်။

"ဟေ့ကောင် မောင်ကောင်း ဆရာမကို မင်းသတိရရင်လည်း တိတ်တိတ်လေး သတိရကွာ"

"ထူးကို ငါဆရာမကို သိပ်သတိရတယ်ကွာ။ တွေ့လည်းတွေ့ချင်တယ်" မောင်ကောင်းက ပြောလည်းပြော ငိုလည်းငို နေတော့သည်။

မြို့သစ်ဖက်ရောက်တော့ ညဖက်ကားတွေ စစ်သော ဂိတ်တဲတွင် ရဲတွေ ကားတွေကို စစ်နေတာတွေ့တော့ ဆူးကို တစ်ခြားဖက်မှလှည့်မောင်းဖို့ ပြောလိုက်သည်။ မဟုတ်ရင်အားလုံး ဒီည အချုပ်ထဲရောက်သွားမှာ သေချာသည်။ စီးလာမိတဲ့ ဆိုင်ကယ်တွေက ဝိစ်သောက်(Without)တွေ၊ လိုင်စင်တွေလည်း မယူလာမိ၊ ဆိုင်ကယ်ဦးထုပ်လည်း မဆောင်ထား၊ အမှုရှာတော်သော ရဲများနဲ့တွေ့မှဖြင့် ပိုပြီးအမှုကြီးနိုင်သည်။ ငွေ သိန်း၂၀ကိစ္စပါရှုပ်လာရင်မလွယ်။

"ထူးကို ဟေ့ကောင် ထူးကို" နောင်ရိုးခေါ်သံကြောင့် အရင်အပတ်က ဒုက္ခပေးကောင်းတဲ့ မောင်ကောင်းတို့အကြောင်းစဉ်းစားနေတာတွေ ရပ်သွားသည်။ ပြီးမှ သတိဝင်လာပြီး နောင်ရိုးကို ထူးကို လိုက်လျောပါ့မယ်ဆိုတဲ့ သဘောနဲ့ ပြောလိုက်သည်။

"အေးပေါ့ကွာ ဝဋ်ရှိသေးတော့လည်း လိုက်ရဦးမှာပေါ့"

ဒီလိုနဲ့ လမ်း၃၀ဖက်က အကင်ဆိုင်တွေရှိရာဆီသို့ နောင်ရိုးရဲ့ဆိုင်ကယ်တစ်စီးထဲကိုပဲ ၃ယောက်ပေါင်းစီးကာ ထွက်ချလာလိုက်သည်။ ဆိုင်မှာသူတို့ စိတ်ကြိုက်အမျိုးအစားတွေ မှာကာ ဝိုင်းကိုစတင်လေသည်။ ဒီဝိုင်းက ဘာအတွက်လည်းလို့ ထူးကို မေးလိုက်လေသည်။

"ဒီကောင် ဖားကြီး မိန်းမ ရတော့မယ်။ ဒီဝိုင်းက အဲ့ဒီပွဲရဲ့ အကြိုပွဲ" နောင်ရိုးက ဝင်ဖြေသည်။

"ဖားကြီး မင်းက မိန်းမယူတော့မလို့လား။ ဘယ်သူနဲ့လည်း ဘယ်တုန်းက စလိုက်တာလည်း ငါလည်းမသိရပါလား။ မင်းမိန်းမယူတယ်ကြားရင် မိုဟွမ်တော့ သူ့ကိုယ်သူ မုန့်တီဖက်နဲ့ ကြိုးဇွဲချပြီး သေကြောင်းကြံမိတော့မှာပဲ" ထူးကို ဖားကြီးကို တမင်စကာ မေးလိုက်သည်။

"ဖားသားကြီးပါကွာ အညာဖက်က သူ့မိတ်ဆွေ သမီးနဲ့စပ်ပေးတာ။ ငါလည်း မဆိုးဘူးဆိုပြီး လက်ခံလိုက်တာ။ ပြီးတော့ မိုဟွမ်ကလည်း ငါ့ကို ပြန်မကြိုက်ဘူး မင်းမှမင်းပဲ သူကလည်း"

"ငါတို့က ရိုးရိုးပါ" ထူးကို ပြန်ပြောလိုက်သည်။

"ထူးကို မင်းနဲနဲလောက်ချလိုက်ပါလားကွာ ငါ့ရဲ့ အကြိုပွဲမှာ ငါတို့က အရက်သောက်ပြီး မင်းကအချိုရည်ကြီးနဲ့ ဖီးလ်မနှိပ်ပါဘူးကွာ" ဖားကြီးက အားမရစွာ မျက်နှာကြီး မဲ့ပြီး စည်းရုံးနေသည်။

"အပိုတွေ ပြောမနေနဲ့ ကိုယ့်ဘာသာကိုယ် သောက်စရာရှိတာသောက် မင်းတို့ငါ့ဆီလာတာ မင်းတို့အပြန်လမ်းမှာ နိဗ္ဗာန်မြန်မြန်မရောက်အောင် ထိန်းသိမ်းပေးဖို့"

တစ်ကယ်လည်း တစ်ယောက်အကြောင်းတစ်ယောက် မသိသူတွေမဟုတ်။ ၁၀တန်းတုန်းက နောင်ရိုးနဲ့ဖားကြီးက တစ်ခုံထဲအတူတူထိုင်ခဲ့ကြသူများဖြစ်သည်။ ဖားကြီးက သူ့နာမည်ပြောင်အတိုင်း မျက်နှာပြဲပြဲ၊ ပါးဖောင်းဖောင်း၊ မျက်လုံးကပြူးပြူး။ ဖားကြီးက အပြောကောင်းတော့ အတန်းထဲတွင် လူချစ်လူခင်ပေါသည်။ မိုဟွမ်တစ်ယောက်ကလွဲရင်လို့တောင်ဆိုနိုင်သည်။ မိုဟွမ်ရဲ့ မနက်ခင်းကျောင်းသွားချိန်တိုင်း သူ့အိမ်ရှေ့မှာ သွားသွားစောင့်ကာ နံရိုးနဲ့ အပြိုင်အနောက်ကနေလိုက်ကြဖူးသူများဖြစ်သည်။ နံရိုးက ထူးကိုတို့ရှေ့ခုံတွင်ထိုင်သည်။ နံရိုးဆိုမှသတိရပြီးမေးလိုက်သည်။

"နံရိုးကော တွေ့သေးလား"

"ဒီကောင် ဆေးလိုင်းဝင်တယ်လို့ ကြားပြီးကတည်းက သိပ်မတွေ့တော့ဘူး။ တွေ့လိုက်ရင်လည်း လမ်းပေါ်မှာ ဖြတ်ခနဲလောက်ပဲတွေ့လိုက်တာရှိတယ်။ ကြည့်ရတာ ဒီကောင် တော်တော် အလုပ်ရှုပ်နေသလိုပဲ" နောင်ရိုးက ဝင်ပြောသည်။ နောင်ရိုးက ဂျီတီအိုင် ကျောင်းဆင်း။ ကျောင်းမှာလည်း ပေါက်ကရတွေလုပ်လွန်းလို့ နောင်ရိုးလို့ အခေါ်ခံရသူ။ လုပ်လိုက်တိုင်း တစ်လွဲတစ်ချော် အသစ်အဆန်းများကြောင့် အမြင်ကပ်သူများကထင်ပါသည် သူဘာလုပ်လုပ် နောင်မှာ ရိုးသွားရအောင် နာမည်နဲ့ အရိုးစွဲပြီး ခေါ်သလားမသိ။

ပုလင်းတွေလည်း တစ်ဖြေးဖြေး ထပ်လာလေသည်။ အမြီးပွဲတွေလည်း တစ်ပွဲပြီးတစ်ပွဲ ကုန်ကုန်သွားခဲ့လေပြီ။ နောက်ဆုံးဆိုင်ကကောင်မလေးက ကျွန်မတို့ဆိုင် ပိတ်တော့မယ်ဆိုမှ ထပြန်လာခဲ့လေသည်။ ဒီတစ်ခါ ဆိုင်ကယ်မောင်းသူက ထူးကိုဖြစ်သွားသည်။ လမ်း၃၀ပေါ်ဆိုင်ကယ်ဘီးက တက်ပြီဆိုတာနဲ့ ၃ယောက်သား အငဲရဲ့ ၈၅မန္တလေးည သီချင်းကို သံကုန်ဟစ်အော်ကြလေသည်။

"ငါ့အိပ်မက်များ ဟိုးအတိတ်တွေဆီ~~~လွင့်မျောမိ ၁၀စုနှစ်~~တို့ရဲ့မန္တလေးကကျောင်းတော် ဘယ်တော့မှမမေ့နိုင်ခဲ့~~~~ဒီအချိန် ရွှေပြည်အေးရဲ့ ညနေခင်း စက်ဘီးတွေ အတူစီးရင်း~~~ပူပင်စရာကင်းတဲ့ ဆည်းဆာလေး~~~အပေါင်းအသင်းတွေ စုံလင်ပြီး~~~လွမ်းမိတယ် ဟိုးတုန်းက မန္တလေးညရေ~~~ဟိုးတုန်းက မန္တလေးညတို့ ပျော်ရင်း~~~ဟိုးတုန်းက မန္တလေးညရေ မိုးလင်းခဲ့ အပေါင်းအဖော်များ ဝိုင်းဖွဲ့ရင်း~~~အားလုံးတွေ့ကျခိုက်ချိန်ဆိုရင် သီချင်းများ ဆိုကြရင်း ကျောင်းသားဘဝရဲ့ညတွေဟာ ရွှေမန်းနဲ့သစ္စာ~~~~"

ရုတ်တရက် ဖားကြီးက ထူးကို ဆိုင်ကယ်ရပ်ရပ်ဆိုပြီး ပြောလာသည်။ ၆၈လမ်း၊ လမ်း၃၀ထောင့် ကျော်ကျာ် ဂျီတီအိုင်ကျောင်းရှေ့တွင် ဖားကြီးဆိုင်ကယ်ပေါ်မှ ဆင်းပြီး လမ်းဘေးမှာ ထိုးအန်လေသည်။

"ဝေါ့~~~~ဝေါ့~~~~ဖီးးးးးး ဝေါ့ ~~~~~ ဖီးးးးး ဖီးးးးးး"

နောင်ရိုးကလည်း မူးမူးနဲ့ လမ်း၃၀ ဂျီတီအိုင်ကျောင်းရှေ့ လမ်းမကြီးပေါ် သေးတက်ပန်းနေပြီး ယိုင်ထိုးယိုင်ထိုးနဲ့ သေးပန်းတုန်း သူ့သေးနဲ့သူ လမ်းမပေါ်မှာ စာရေးနေပုံရသည်။ ဆိုင်ကယ်တစ်စီး သူ့ဘေးမှ ဝေါ ခနဲ ဖြတ်သွားလေသည်။ နောင်ရိုး အာရုံပြတ်သွားပုံရပြီး ထိုဆိုင်ကယ်သမားကို လှမ်းအော်ကာဆဲနေလေသည်။

"ဖေလိုးမသားလေး ဆိုင်ကယ်ကို ဘယ်လိုမောင်းတာလဲကွ။ မင်းအဘ သေးပန်းနေတာ မမြင်ဘူးလား"

ပေါက်လည်းပေါက် ဆဲလည်းဆဲနေရင်း အားရလောက်တော့မှ ထူးကိုဖက်လှည့်လာကာ ရီဝေဝေအပြုံးနဲ့
ထူးကို ငါလမ်းမပေါ်မှာ ဘာစာရေးထားလည်းဆိုတာ သိလား မင်းသွားကြည့်ချေဆိုပြီး ပြောလေသည်။ ဖားကြီးကလည်း လမ်းဘေး ပလက်ဖောင်းပေါ်မှာ ထိုးအန်ကာ မှောက်လုလု။ ထူးကိုက ဖားကြီး အန်ရတာ အဆင်ပြေအောင် ကျောနောက်ဖက်ကို ရိုက်ပေးနေလေသည်။ နောက်ဆုံးတော့ တစ်ယောက်ပြီးတစ်ယောက်လိုက်ပို့ပေးပြီး ဆိုင်ကယ်ကို နောက်နေ့အိမ်မှာ လာယူရန်ပြောပြီး ထွက်ခဲ့လေသည်။

ညတွေက ဘယ်လောက်ညဥ့်နက်ခဲ့ညဥ့်နက်ခဲ့ လူငယ်တစ်ယောက်ရဲ့ ဘဝစာမျက်နှာ ညဥ့်နက်မသွားဖို့ အရေးကြီးသည်ဆိုတာ အဘယ်သင်ခန်းစာတွေက သင်ပြပေးလိမ့်မည်နည်း။ ကံဇာတ်ဆရာရဲ့ အလိုကျမဟုတ်ခဲ့ပေမဲ့ တစ်ချို့က ဘဝကျောင်းတော်ကြီးမှာ ငိုပြဖို့လူဖြစ်လာလေသလား။ အဆင်ခြင်မဲ့စွာနဲ့ လေးနက်မှုတွေ တစ်ခဏသာ ကင်းဝေးလို့ လူငယ်တစ်ယောက်ရဲ့ လွတ်လပ်မှုတွေနဲ့အတူ အခိုက်အတန့် ပျံသန်းပါရစေသား။


ဆက်ရန်

ရှေးစာဆို