ဒီနေရာကို ကျွန်တော် ရောက်တာ ဘာလိုလိုနဲ့ ဒီနေ့နဲ့ဆို ၁ပတ်ပြည့်ပြီဖြစ်ပါတယ်။ ဒီနေရာဆိုတာထက် ဒီအခန်းလို့ ပြောရင် ပိုပြီး မှန်ပေလိမ့်မယ်။ နေရာတစ်ခုမှာ အချိန်တော်တော်ကြာအောင် နေရလေ့မရှိတဲ့ အခြေအနေ (သို့) နေလေ့မရှိတဲ့ အကျင့်စရိုက်တွေနဲ့ လုံးချာလိုက်နေတဲ့ ကျွန်တော့်အတွက်ကတော့ ဖြစ်ရိုးဖြစ်စဉ်ထဲက မရိုးနိုင်ခြင်းများပါပဲ။
ငယ်စဉ်ကတည်းက ကျောပိုးအိတ်တစ်လုံးနဲ့ လမ်းပေါ်မှာ တေလေနေခဲ့တာဟာလည်း ခုချိန်ထိပဲ ဆိုရမှာပါ။ အဲ့ဒီလို တေလေနေတိုင်းလည်း နေရာစုံတွေဖြစ်တဲ့ လမ်းဘေး၊ ဘုန်းကြီးကျောင်း၊ ထမင်းဆိုင် တွေကစလို့ ဟိုတယ် တွေထိမှာ လူမျိုးစုံနဲ့ ကြုံသလို၊ အဆင်ပြေသလို နေဖြစ်ခဲ့တာချည်းပါပဲ။
ခု ကျွန်တော်ရောက်နေတဲ့အခန်းက လူတစ်ယောက်နေဖို့ အဆင်ပြေရုံစာလောက်တော့ ရှိပါတယ်။ ရှေးဟောင်းတိုက်အိုကြီးတစ်ခုရဲ့ မသန့်ရှင်းလွန်း၊ မညစ်ပတ်လွန်းသော နေရာတစ်ခုမှာ ကျောချခွင့်ရတာကိုက စိတ်ထဲမှာ ဝမ်းသာမိနေမိတယ်။
လွန်ခဲ့တဲ့ ၂ရက်က ညမှာ အိပ်နေတုန်း အိပ်မက်တစ်ခုမက်တယ်။ အိပ်မက်ထဲက အိပ်မက်ထဲမှာ ဟိုးးးးတုန်းက နေခဲ့ဖူးတဲ့ အခန်းလေးတစ်ခုထဲက ဘာခန္ဓာကိုယ်မှ မပါတဲ့ (လက်တစ်စုံ)က ကျွန်တော့်ကို လက်ယက်ခေါ်နေခဲ့တယ်။ ကျွန်တော် အဲ့ဒီလို လက်ဗလာသက်သက်ကြီး မြင်လိုက်ရတော့ ချက်ချင်းပဲ ဘာလုပ်ရမယ်ဆိုတာ သဘောပေါက်ပြီး မြစင်္ကြာ ဆရာတော်ကို သွားသတိရတယ်။ ဆရာတော်နဲ့ ဆုံတုန်းက ဆရာတော်က ကျွန်တော့်ကို ရွတ်ခိုင်းခဲ့ဖူးတဲ့ ဘုရား ဂါထာတွေကို ကောက်ကာငင်ကာပဲ အိပ်မက်ထဲမှာ ရွတ်နေမိတယ်။ ရွတ်နေရင်း ရွတ်နေရင်းနဲ့ အပြင်ထိပါ ရွတ်နေမှန်း အိပ်နေရင်း နိုးတစ်ဝက်မှာ ကိုယ့်ကိုကိုယ် ပြန်သတိထားလိုက်မိလိုက်တော့တယ်။
တစ်ကယ်တမ်း ကျွန်တော့်အထင် ကျွန်တော် အဲ့ဒီအိပ်မက် မက်ဖြစ်တာ ကျွန်တော့်အခန်း မျက်နှာကျက်က သံချိတ်ဆူးချွန်ကြီးကြောင့်လို့ပဲ ထင်မိပါတယ်။ အဲ့သံချိတ်ဆူးချွန်ကြီးကို မြင်မြင်ချင်းတုန်းက တွေးမိတာတစ်ခုရှိပါတယ်။ ဒီသံချိတ်ကြီးနဲ့များ တစ်ယောက်တစ်လေများ ကြိုးဆွဲချသေဖူးလား မသိဘူးဆိုတာပါပဲ။
တစ်ခါတစ်လေ တေလေလူတစ်ယောက်ရဲ့စိတ်မှာ အထီးကျန်လွမ်းဆွတ်မှုတွေ သင်းသင်းလေး ရနံ့ပျံတတ်နေသေးတယ် ဆိုတာကို တစ်ချို့လူတွေ သတိထားမိချင်မှ သတိထားမိကြပါလိမ့်မယ်။ သူတို့ သတိမထားမိတာကလည်း သဘာဝတော့ ကျပါတယ်။ လူတော်တော်များများက ကိုယ့် အတ္တရနံ့တွေနဲ့ကိုယ် စားသုံးလို့ကို မပြီးနိုင်ကြသေးတာကိုး။
ဒီ ၁ပတ်အတွင်း ညညတွေမှာ ကျွန်တော်နဲ့ အချိတ်အဆက်အမိဆုံးကတော့ အိတ်ဆောင် လွယ်အိတ်လေးထဲမှာ ထည့်ယူလာတဲ့ စီးပွားရေးဆိုင်ရာ ဖတ်လက်စ စာအုပ်တစ်အုပ်ပဲဖြစ်ပါတယ်။ ညတွေမှာ အများတစ်ကာလို ရုပ်ရှင်မကြည့်ချင်တာနဲ့ စာအုပ်ကိုပဲ တစ်ညတစ်ခန်းပြီးအောင် ဖတ်ဖြစ်နေမိတယ်။
ဒီလိုပါပဲ ကျွန်တော်တို့လို လူတေ၊လူပေတွေရဲ့ဘဝဟာ တစ်ခါတစ်လေတော့ ပျင်းရိငြီးငွေ့စရာကောင်းလှပါတယ်။ အရည်မရ၊ အဖတ်မရ ကိစ္စတွေနဲ့ပဲ နေ့စဉ်ဖြတ်သန်းနေဖြစ်ကြတာများပါတယ်။ လူ့မလိုင်တွေ၊ (သိပ်)ကို အဓိပ္ပာယ်ရှိကြတဲ့လူတွေ၊ အဆင့်အတန်းမြင့်သူတွေကြားထဲမှာ လူပေ၊လူလေ၊လူတေတွေရဲ့ အလွှာပါးပါးဟာ မကြာခဏဆိုသလို အတိုက်အစား ခံကြရပါတယ်။
လူ့အလွှာဘုံက ဘယ်နှထပ်ရှိသလဲ ဆိုတာကို ကျွန်တော် မသိခဲ့ဘူး။ လူ့ငပေက ငတေတွေနဲ့ နှစ်ပါးသွား ကဖြစ်ရင် အဆန်းတကြယ်တော့ မဟုတ်ပြန်ပါဘူး။ နေရာတိုင်းမှာ အဆိုး၊ အကောင်းတွေ ဒွန်တွဲနေစမြဲလို့ဆိုတဲ့ အဆိုကို လက်ခံမယ်ဆိုရင် ကျွန်တော်တို့ အလွှာ၊ ကျွန်တော်တို့ ကမ္ဘာမှာလည်း သူ့အထွာနဲ့သူ ပျော်စရာတွေ၊ အဓိပ္ပာယ်ရှိခြင်းတွေ၊ အတတ်ပညာတွေ ရှိနေပါလိမ့်မယ်။
ဘာပဲပြောပြော ဒီနေ့ ကျွန်တော် ထမင်း ၂နပ်စားပြီးပြီ။
ရှေးစာဆို



2 ဦးအကြံပြုသွားသည်။:
ရှေးစာဆိုကြီးရေ
မန္တလေး ဂိုဏ်းစတားကို ပြန်မဆက်တော့ဘူးလား..
လုပ်ပါအုန်း ရိုက်တာနှက်တာလေးတွေ၊ ချစ်တာကြိုက်တာလေးတွေ ဖတ်ချင်လို့ပါ၊
မယ်ကိုးဆီကနေ တဆင့်လာပေမယ့် ကဗျာတွေနဲ့ အက်ဆေးတွေကို သေချာဖတ်သွားခဲ့ပါတယ်။ ဒီပိုစ့်လေးကို ရေးထားတာ အရမ်းနှစ်သက်မိတယ်။ ရှေးစာဆိုရဲ့ 12A ဆိုတဲ့ အခန်းလေးက သပ်သပ်ရပ်ရပ်လေးပေမယ့် မျက်နှာကျက် သံချိတ်ကြီးက အသည်းယားစရာ။ ရှေးစာဆို တွေးသလို ကျမလည်း တွေးလိုက်မိပါရဲ့။ အတွေးတွေ ကောင်းလို့ လေးစားမိပါတယ်။
ခင်မင်လေးစားလျှက်
ဒဏ္ဍာရီ
Post a Comment